MNP ၊ ဇွန် ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ မိုးဦးရာသီတွင် ခြင်ပေါက်ဖွားမှုနှုန်း လျော့နည်းစေပြီး သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်မှ ကြိုတင်ကာကွယ်စေရန်ရည်ရွယ်၍ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်း လုပ်ငန်းများကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်မှ ဦးဆောင်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မိုးကြိုကာလတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ခြင်များ အလွယ်တကူ ပေါက်ဖွားနိုင်သည့် ရေလှောင်ကန်များ၊ ရေစည်များ၊ ရေတိုင်ကီများအတွင်း အဘိတ်ဆေးခပ်ခြင်း၊ နေအိမ်များအား တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခြင်ပေါက်ဖွားမှု မရှိစေရေးအတွက် အိမ်တိုင်းတွင် ထားရှိသော ဘုရားပန်းအိုးများ၊ သောက်တော် ရေခွက်များ၊ မိုးရေတင်ကျန်နိုင်သည့် တာယာခွံ၊ ရေအိုးအဟောင်းများတွင် ရေများ မခိုအောင်းနိုင်ရေး ဆောင်ရွက်ပေးရန် စသည့် သွေးလွန်တုပ် ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇင်လေး
https://t.me/MyanmarNationalPost
No comments:
Post a Comment