MNP ၊ ဇွန် ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီဖူလုံစေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆီထွက်သီးနှံမိုးနှမ်းစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၆၆၈၅ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများက မေလအတွင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် မိုးနှမ်းများကို စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ မိုးနှမ်းစိုက်ဧက ၃၈၄၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစိးဌာနမှ သိရသည်။
"ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဒေသတွင်းစားသုံးဆီဖူလုံစေရန်၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ရည်ရွယ်ပြီးတော့ ဆီထွက်သီးနှံမိုးနှမ်းကို တစ်မြို့နယ်လုံး ၆၆၈၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး ဒေသခံတောင်သူတွေက မေလအတွင်းက ရွာသွန်းခဲ့တဲ့မိုးနဲ့ကြိုးပမ်းစိုက်ပျိုးခဲ့ကြလို့ ယနေ့အထိ မိုးနှမ်းစိုက်ဧက ၃၈၄၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ဒေသခံတောင်သူတွေကိုလဲ မိုးနှမ်းစိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း တိုးတက်စေဖို့ စိုက်နည်းစနစ်မှန်ကန်စေရေး၊ သွင်းအားစုပစ္စည်းများ အချိုးကျသုံးစွဲတတ်စေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ပြီးတော့ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နောက်ပြီး ဆီထွက်သီးနှံက ဈေးကွက်မှာလဲအရောင်းအဝယ်ကောင်းမွန်ပြီး ဈေးကောင်းရရှိတာကြောင့် ဒေသခံတောင်သူတွေက နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်သည် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆည်ရေသောက်ဧရိယာ အများဆုံးစိုက်ပျိုးသည့် မြို့နယ်တစ်ခုဖြစ်ကာ ဒေသခံတောင်သူများ အဓိက အားထားစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲသီးနှံနှင့် ဖူးစားပြောင်းတို့ဖြစ်ပြီး အချို့တောင်သူများက မိသားစုစားဝတ်နေရေးအတွက် နေ့စဉ်သီးနှံဝင်ငွေရရှိစေရန် စားဖိုဆောင်သီးနှံများကိုလည်း တစ်နှစ်ပတ်လုံး တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment