မွေးမြူရေးထွက်ကုန် အခြေခံစားသောက်ကုန်ချော ထုတ်လုပ်မှုတွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေး အားပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွေးမြူရေးထွက်ကုန် အခြေခံစားသောက်ကုန်ချော ထုတ်လုပ်မှုတွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေး အားပေးဆောင်ရွက်


MNP ၊ ဇူလိုင် ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့က နေပြည်တော်ကောင်းစီနယ်မြေ၊ တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်နှင့် ကံကြီး မွေးမြူရေးဇုန်မှ မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မွေးမြူရေးလုပ်ပိုင်ခွင့်ပြုထားသည့် ယူနစ်ဧရိယာအလိုက် မွေးမြူရမည့် တိရစ္ဆာန်ကောင်ရေ ပမာဏအပြည့် မွေးမြူလုပ်ကိုင်နိုင်ရေး၊ မွေးမြူရေဇုန်အတွင်း မြေယာအသုံးချမှုမှန်ကန်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဆွေးနွေးသည်။

တွေ့ဆုံစဉ် နေပြည်တော်ကောင်စီနယ်မြေ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူက မွေးမြူရေးဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေမှုအခြေအနေများကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြေယာအသုံးပြုခွင့်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် မြေလွတ်မြေလပ်နှင့်မြေရိုင်းဆိုင်ရာ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများကို လည်းကောင်း ရှင်းလင်းတင်ပြကြပြီး မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းရှင်များအသင်း (နေပြည်တော်ကောင်စီနယ်မြေ) ဥက္ကဋ္ဌ နှင့် မွေးမြူရေးလုပ်ငန်းရှင်များက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အတည်ပြုသတ်မှတ်ထားသည့် မြေအသုံးချလုပ်ပိုင်ခွင့်ပြုထားသော ဧရိယာအလိုက် စီမံချက်ပါ တိရစ္ဆာန်အမျိုးအစားကောင်ရေပြည့်မီစွာ မွေးမြူရန်နှင့် မွေးမြူခြင်းမရှိပဲ မြေယာလုပ်ပိုင်ခွင့်ရယူထားခြင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည့်အခြေအနေများ၊ မွေးမြူရေးလုပ်ငန်းဆိုင်ရာ စံသတ်မှတ်ချက်များ နှင့်အညီ လုပ်ကိုင်ရန်လိုအပ်ချက်များ၊ မွေးမြူရေးဇုန်အတွင်း ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာနှင့် အကူအညီများကို  ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းများပိုမိုအောင်မြင်တိုးတက်ရေး ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။

တပ်ကုန်းမြို့နယ် ရွှေမြို့မွေးမြူရေးဇုန်နှင့် ကံကြီးမွေးမြူရေးဇုန်တို့တွင် မွေးမြူရေးကုမ္ပဏီများ၊ မွေးမြူရေးတောင်သူများက နို့စားနွား၊ ဒေသနွား ၊  ဆိတ် နှင့် ဝက်များကိုမွေးမြူလုပ်ကိုင်လျက်ရှိပြီး ဒေသ၏ အသားစားသုံးမှုအတွက်သာမက တိုင်းဒေသကြီး ပြည်နယ်များသို့လည်း အသားနှင့် နို့ထွက်ပစ္စည်းများ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ တိရစ္ဆာန်မွေးမြူသည်မှ ကုန်ချောထုတ်လုပ်ခြင်း တင်ပို့ခြင်း လုပ်ငန်းများအထိ ပါဝင်သော ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ နေပြည်တော်ကောင်စီနယ်မြေ၏  မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများကို အကျိုးရှိစွာအသုံးပြု၍ မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်လာစေရန် နှင့် မွေးမြူရေးထွက်ကုန်အခြေခံ စားသောက်ကုန်ချောထုတ်လုပ်မှုတွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးတက်လာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)