နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် လက်ရှိခရီးသွားလုပ်ငန်းအခြေအနေများကို ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး ရလဒ်ကောင်းများဖော်ထုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် လက်ရှိခရီးသွားလုပ်ငန်းအခြေအနေများကို ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး ရလဒ်ကောင်းများဖော်ထုတ်




MNP ၊ ဇူလိုင်  ၂၁

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ Hotel Max ၊ Kumudra Ballroom ၌ ကျင်းပရာ  အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊   ဒုတိယဝန်ကြီးချုပ်နှင့်   ပြည်ထဲရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး   စိုးထွဋ်  တက်ရောက်အမှာစကား ပြောကြားသည်။


အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲတာဝန်ခံများ တက်ရောက်ကြသည်။


ရှေးဦးစွာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်မှာ ၂၀၂၃ ခုနှစ် ဇွန် ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော (၁/၂၀၂၃) ကြိမ်မြောက် အမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ အစည်းအဝေးက ပေါ်ထွက်လာသည့် ဆွေးနွေးဆုံးဖြတ်ချက်များကိုအခြေခံပြီး ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်ဖြင့် ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည့် လုပ်ငန်းများကို ဝိုင်းဝန်းညှိနှိုင်းဖော်ထုတ်နိုင်ရန် ကျင်းပခြင်းဖြစ်ပါကြောင်း။


နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်သည့်နေရာတွင် ခရီးသွားလုပ်ငန်းသည် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊  ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန်အတွက် လက်ရှိခရီးသွား လုပ်ငန်းအခြေအနေများကို ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ ရှုမြင်သုံးသပ်ပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရလဒ်ကောင်းများ ဖော်ထုတ်ပေးကြရန် ဖြစ်ပါကြောင်း၊ ရရှိလာသည့် အဖြေများအပေါ် အစိုးရဌာနအဖွဲ့အစည်းများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာပုဂ္ဂလိက ကဏ္ဍများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စိတ်အားထက်သန်စွာ  ပူးပေါင်းပြီး ဆောင်ရွက်မှသာ အောင်မြင်တိုးတက်သည့် ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များကို အကျိုးပြုစေမည်ဖြစ်ပါကြောင်း။ 


ယနေ့ အလုပ်ရုံဆွေးနွေးပွဲတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ အဓိကအရေးပါသည့် (Key Tourism Issues) ကဏ္ဍ (၅)ရပ်ကို ရွေးချယ်ပြီး သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပုဂ္ဂလိကကိုယ်စား လှယ်များက ပါဝင်ဆွေးနွေးတင်ပြကြမည်ဖြစ်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း။


ယနေ့ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ ဖော်ထုတ်ရရှိချက်များအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကြံပြုချက်များနှင့် လက်တွေ့ အကောင်အထည်ဖော်နိုင်မည့်  လုပ်ငန်းများအထိ ထိထိရောက်ရောက် ဖော်ထုတ်ပေးကြရန်နှင့် တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ သက်ဆိုင်သည့်အခန်း ကဏ္ဍများကနေ  အားတက်သရော ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။


ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်က မြန်မာနိုင်ငံခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံ ဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။


ယင်းနောက် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် အလှူငွေကျပ် သိန်း  ၅၀၀ ကို ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး  စိုးထွဋ်က   လက်ခံရယူ သည်။


ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲ၌ ဆွေးနွေးကြမည့် အကြောင်းအရာများနှင့် အဖွဲ့ငါးဖွဲ့ခွဲ၍ ဆွေးနွေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက်  ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားဧည့်သည်များ   လုံခြုံစွာ ဝင်/ထွက် သွားလာရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာစေရေး၊ ငွေကြေးသုံးစွဲမှု လွယ်ကူအဆင်ပြေစေရေးနှင့် ခရီးသွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ရေး၊ ခရီးသွားလုပ်ငန်း အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ခရီးသွားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဈေးကွက်မြှင့်တင်ရေး စသည့်ခေါင်းစဉ်များဖြင့် အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသူများက သိလိုသည်များကို  မေးမြန်းဆွေးနွေးကြသည်။


ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့်  ရလဒ်များအပေါ် အကျဉ်းချုပ်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။     


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)