ရှေးဟောင်းဝတ္ထုပစ္စည်းများ တာဝန်သိစွာအပ်နှံမှုအပေါ် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေးဟောင်းဝတ္ထုပစ္စည်းများ တာဝန်သိစွာအပ်နှံမှုအပေါ် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်


MNP ၊ ဇူလိုင် ၂၄      

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စု၊ မြင်သာကျေးရွာနေ ဦးဗိုလ်နိုင်ဝင်းမှ စုဆောင်းထားသည့် ကျောက်လက်နက်၊ ကျောက်ကွင်း၊ ကျောက်မို၊ ကျောက်ပုတီးစေ့၊ ကြေးလက်နက်၊ ကြေးအလေး၊ သံလက်နက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ငွေပြား၊ ငွေဒင်္ဂါး၊ မြေပုတီး၊ မြေနားဋောင်း၊ မြေဆေးတံ၊ ဖန်ပုတီးစေ့၊ အရိုးပုတီးစေ့ စသည့် ရှေးဟောင်း ဝတ္ထုပစ္စည်းပေါင်း (၃၂၄)ခုအား အပ်နှံခဲ့သည့်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးရုံးခွဲမှ ယနေ့နံနက် ၁၀နာရီတွင် အဆိုပါရုံးခွဲ၌ ဂုဏ်ပြုပွဲအခမ်းအနားအားကျင်းပခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်နှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးဇော်လင်းဦးနှင့် အလှူရှင် ဦးဗိုလ်နိုင်ဝင်းတို့ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ မန္တလေးရုံးခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး၊ ပစ္စည်းများလှူဒါန်းသည့် ဦးဗိုလ်နိုင်ဝင်းအား ဂုဏ်ပြုဆုကြေးငွေကျပ် (၃၆၀၃၄၆၆)ကျပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အလှူရှင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ မန္တလေးရုံးခွဲတာဝန်ခံ ညွှန်ကြားရေးမှူးမှ နိဂုန်းချုပ် စကားပြောကြားကာ တက်ရောက်လာသူများဖြင့် အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့သည်။


သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ရွှေထည်နှင့် အခြားရှေးဟောင်း ဝတ္ထုပစ္စည်းများအား နိုင်ငံတော်ပိုင်ပစ္စည်းအဖြစ် တာဝန်သိစိတ်ရှိစွာ အပ်နှံပါက လွှဲပြောင်းပေးအပ်သူကို အကျိုးခံစားခွင့်ရှိသူအဖြစ် သတ်မှတ်၍ ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးငွေပါ တွက်ချက်ပြီး၊ ချီးမြှင့်ငွေပေးအပ်လျက်ရှိသည်။ ထပ်ဆောင်းတန်ဖိုး သတ်မှတ်ရာတွင် ရှေးဟောင်းဝတ္ထုပစ္စည်း၏ နောက်ခံသမိုင်းကြောင်း အခြေအနေ၊ ပြုလုပ်သည့် ပစ္စည်းအမျိုးအစား၊ အနုလက်ရာမြောက်မှု အဆင့်အတန်း၊ သက်တမ်းနှင့် ကာလတန်ဖိုးတို့ အပေါ်တွင်မူတည်၍ စစ်ဆေးရေးအဖွဲ့က သတ်မှတ်ပေးအပ်လျက်ရှိပြီး၊ ကျောက်ခေတ်မှစ၍ ကိုလိုနီခေတ်ကာလအထိ ခေတ်ခွဲခြား၍ ခေတ်ကာလကြေးကို ၅၀ ရာခိုင်နှုန်း မှ ၁၀၀ ရာခိုင်နှုန်းထိလည်းကောင်း၊ လက်ရာကြေးကို ၃၀ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းထိလည်းကောင်း ကာလတန်ဖိုးအပေါ် ထပ်ဆောင်းချီးမြှင့်ပေးလျက်ရှိကြောင်း သိရသည်။


ဇာနည်ကိုကို

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)