MNP ၊ ဇူလိုင် ၂၀
“ ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ” ဆိုသည့်စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား၊ကျောင်းသူ/ လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန် စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည် ထက်မြက်သည့် လူငယ်များပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်က ကျပန်းစကားပြောပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သူများက ၎င်းတို့ သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး သင်တန်းသား/သူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူ များက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဦးအောင်မြတ်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ခန်းမ အတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင် များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီး မှူးနှင့် ဝန်ထမ်းများ၊ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သူ များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment