MNP ၊ ဇူလိုင် ၂၆
မွန်ပြည်နယ် ၊ ပေါင်မြို့နယ် ၊အလှပ်ကျေးရွာ ပင်လယ်ကမ်းခြေတွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈)နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးဗိုလ်မှူးချုပ်စိုးမင်း၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ က အလှပ်ကျေးရွာ ဇီးကုန်းကမ်းခြေ၌ သစ်ပင်များ စုပေါင်း စိုက်ပျိုးခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ဒီရေတောတွေဟာ ကုန်းတွင်းပိုင်း ဂေဟစနစ်နဲ့ ပင်လယ်ပြင် ဂေဟစနစ်တွေကို ဆက်စပ်ပေးတဲ့နေရာမှာ ရပ်တည်လျက်ရှိပါကြောင်း၊မုန်တိုင်း၊ဒီရေနဲ့လေပြင်း တိုက်ခတ်မှုဒဏ်တို့ကို လျော့နည်းစေခြင်းဖြင့် ဒေသခံပြည်သူတို့ရဲ့ လူမှုစီးပွားရေး အခြေခံများကို ကာကွယ်ပေးနိုင်မှာဖြစ်ပါကြောင်း၊အခြားဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုတွေအနေနဲ့ ကမ်းပြိုမှုကိုထိန်းသိမ်းပေးခြင်း၊အခြားသစ်တောအမျိုးအစားတွေထက် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို (၂)ဆမှ(၃)ဆအထိစုပ်ယူနိုင်ပြီး အောက်ဆီဂျင်ကို ပိုမိုထုတ်လွှင့်ပေးနိုင်ခြင်း၊မိုးဒဏ်၊လေဒဏ်ကိုကာကွယ်ပေးပြီး ရေငန်များဝင်ရောက်မှုမရှိစေရန် ထိန်းသိမ်းပေးခြင်း၊မြစ်ကမ်းနဲ့ပင်လယ်ကမ်းစပ်များမှ အညစ်အကြေးများကိုသန့်ရှင်းပေးခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး၊စိုက်ပျိုးမည့်ဗြူးခြေထောက်ပင်များအား ဒေသခံကိုယ်စားလှယ်(၁)ဦးကို ပေးအပ်ခဲ့သည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်းနှင့်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင် တို့က သစ်ပင်ချစ်သူများအဖွဲ့ နှင့်မုတ္တမ စီမံကိန်းကိုယ်စားလှယ်တို့အား သမဲ့ပင်များ နှင့်အုန်းပင်များပေးအပ်ခဲ့ရာ ဒေသခံ ကိုယ်စားလှယ်များကလက်ခံရယူခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း နှင့်အဖွဲ့သည် ဗြူးခြေ ထောက် (၃၀၀)ပင်၊သမဲ့(၁၂၀၀)ပင်၊အုန်းပျိုးပင်(၄၀)ပင် စုစုပေါင်း (၁၇၄၀)ပင်အား စနစ်တကျစုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းနှင့်အဖွဲ့များကပင်လယ်ကမ်းခြေမှ ဆယ်အိမ်စုကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဝါသဌ အား ဖူးမြှော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်ခဲ့ပြီး ထိုနေရာမှတစ်ဆင့် အလှပ်ကျေးရွာ သာယာကုန်းပိုင်း ရှိ Cyclone shutter ဆောက်လုပ်မည့်နေရာသို့သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment