မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်အသင်းများနှင့် UMFCCI တာဝန်ရှိပုဂ္ဂိုလ်များ (၁၅) ကြိမ်မြောက်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်အသင်းများနှင့် UMFCCI တာဝန်ရှိပုဂ္ဂိုလ်များ (၁၅) ကြိမ်မြောက်တွေ့ဆုံဆွေးနွေး





MNP ၊ ဇူလိုင် ၂၀

ကုန်သည်စက်မှုအသင်းချုပ်သည် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်အသင်းများနှင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် (၁၅) ကြိမ်မြောက် တွေ့ဆုံ၍ လက်ရှိရင်ဆိုင် ကြုံတွေ့နေရသည့် စီးပွားရေးအခြေအနေများ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းက စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အသင်းချုပ်အနေဖြင့် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့သည့် ၆ လအတွင်း၌လည်း ASEAN-BAC Roadshow, ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအာဏာသက်ဝင်ခြင်း၊ အွန်လိုင်းစားသုံးသူကာကွယ်ရေး၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာတို့နှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပွဲများကို ကျင်းပခဲ့ပါကြောင်း၊ ဇူလိုင်လအစောပိုင်းတွင်လည်း သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပို့ကုန်သွင်းကုန်ကဏ္ဍတွင် နိုင်ငံခြားငွေလဲလှယ်မှု စည်းကမ်းသတ်မှတ်ချက်များ၏ အကျိုးသက်ရောက်မှုများ၊ တရားမဝင်ကုန်သွယ်မှုတို့နှင့်ပတ်သက်၍ လက်ရှိမြေပြင်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာကုန်သည်အသင်းများမှ မိတ်ဆွေများအနေဖြင့် ယနေ့အစည်းအဝေးသို့ တက်ရောက်၍ ပူးပေါင်းပါဝင်မှုကို အသိအမှတ်ပြုပါကြောင်းနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ရန်လည်း ဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံအခြေစိုက် CCI France Myanmar ဥက္ကဋ္ဌ က မိတ်ဆက်စကားပြောကြားခဲ့ပြီး အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း အသင်းချုပ်၏ လစဉ်အလိုက် လှုပ်ရှားဆောင်ရွက်မှုအခြေအနေများအား တင်ပြဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဥရောပ၊ ပြင်သစ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ တရုတ် (တိုင်ပေ)၊ ထိုင်းနိုင်ငံ ကုန်သည်စက်မှုအသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် ၎င်းတို့အသင်းဝင် လုပ်ငန်းရှင်များ၏ စီးပွားရေးအခြေအနေများနှင့် ကုန်သွယ်မှုပြုလုပ်ရန် အခက်အခဲများ၊ အလုပ်ရှင်-အလုပ်သမား ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ စက်သုံးဆီလုံလောက်စွာရရှိရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး၊ လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ တရားမဝင်ကုန်သွယ်မှုပပျောက်ရေး၊ ကုန်သွယ်မှုမူဝါဒကိစ္စရပ်များ၊ ကုန်ကြမ်းပစ္စည်း တင်သွင်းနိုင်ရေးနှင့် သွင်းကုန်လိုင်စင်ကိစ္စရပ်များ၊ ဘဏ်စနစ်နှင့် နိုင်ငံခြားငွေ လဲလှယ်မှု၊ ဗီဇာ၊ ပတ်စပို့ ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဓာတ်မြေဩဇာ တင်ပို့၊ တင်သွင်းမှုဆိုင်ရာ လိုင်စင်ကိစ္စရပ်များ၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး၊ နိုင်ငံတကာ ကုန်သည်စက်မှုအသင်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် အသင်းချုပ်နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

ယနေ့အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူ၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး များဖြစ်ကြသော ဦးဇော်မင်းသန့်၊ ဒေါ်သူဇာဝင်း၊ ဘဏ္ဍာရေးမှူး ဦးလှဦး၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)