လားရှိုးမြို့နှင့် နမ့်စန်မြို့တို့၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲ ကျင်းပ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လားရှိုးမြို့နှင့် နမ့်စန်မြို့တို့၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲ ကျင်းပ ပြုလုပ်




MNP ၊ ဇူလိုင် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲကို မဟာမြတ်မုနိဘုရားကြီး၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ လားရှိုးမြို့နယ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဇမ္မူအေးအေတီ တပ်ဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဥတ္တမ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် မြို့မိ၊ မြို့ဖ များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဇမ္မူအေးအေတီတပ်ဦး ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များ ရွတ်ဖတ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော် များအား နာယူကြည်ညိုကြသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား နဝကမ္မအလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော်ကြီးများထံမှ တရားတော်များနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။

အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့တွင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲကို အဆိုပါမြို့ရှိ ဆတိုးဆုတောင်းပြည့် ရွှေစည်းခုံပုံတူ စေတီတော်မြတ်ကြီး၏ ဓမ္မာရုံအတွင်း၌ ပြုလုပ်ရာ သုခိတာကမ္မဌာန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အာလောက အမှူးပြုသော ဆရာတော်၊ သံဃာ တော်များ ကြွရောက်တော်မူပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြား ထားသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်အား ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းကာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဆရာတော်အာလောကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တော်ကို ရွတ်ဖတ်တော်မူကြကာ  တိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ၊ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆတိုးဆုတောင်းပြည့်ဓမ္မစကူးကျောင်းသို့ သွားရောက်ပြီး ကလေးများ၏ စာသင်ကြားနေမှုများအား လှည့်လည်ကြည်ရှုကာ ကျောင်းသား၊ ကျောင်းသူများကို စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)