MNP ၊ ဇူလိုင် ၁၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယအကြီးအကဲ Ms. Nabanita Chakrabarti ကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်မည့် စီမံကိန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော အသေးစားဖွံ့ဖြိုးမှုစီမံကိန်းများ (Small Development Projects) အကူ အညီပေးရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအောက်မှ အိန္ဒိယဘက်သို့ အဆိုပြုထားသည့် စီမံကိန်းများ၏ ဖြစ်ပေါ် တိုးတက်မှု၊ မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများ ပြန်လည် ထူထောင်ရေးဆိုင်ရာ စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အသေးစားဖွံ့ဖြိုးမှု စီမံကိန်းသည် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ကျန်းမာရေး၊ ပညာရေး၊ လူမှုအသိုက်အဝန်း တိုးတက်မှုကဏ္ဍများတွင် အချိန်တိုအတွင်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည့် စီမံကိန်းများကို အမေရိကန်ဒေါ်လာ နှစ်သန်းအောက် ပမာဏဖြင့် ဆောင်ရွက်နိုင်သည့် အကူအညီစီမံကိန်းများ (Grant Projects) ဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost

No comments:
Post a Comment