မြန်မာနိုင်ငံသည် မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌ တာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံသည် မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌ တာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံ





MNP ၊ ဇူလိုင် ၁၇

မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံးဆေးကိုမာဆစ်၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပသည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေး၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆလုံးဆေးကိုမာဆစ်နှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။ ထို့ပြင် ကမ္ဘောဒီးယားဘုရင့်နိုင်ငံအစိုးရ၏ အကြီးတန်း အကြံပေး ဒေါက်တာ ဆုတ်ခ်စီဖားနား၊ ထိုင်းဘုရင့် နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်းတို့ အစည်းအဝေးသို့ လူကိုယ်တိုင် တက်ရောက်ကြကာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗွီသန်းစွန်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများ သည် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အမြန်လမ်း စီမံကိန်းနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုနှင့် အလားအလာများကို ပြန်လည်သုံးသပ်ကြပြီး မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်အစီအစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အစည်းအဝေး၌ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များ၌ ဦးဆောင်နိုင်ငံ ထားရှိမည့်စနစ်ကို အကောင်အထည်ဖော်သွားရေးနှင့် မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု စီးပွားရေးကောင်စီ ထူထောင်သွားရေးတို့ကို သဘောတူညီခဲ့ကြသည်။ အစည်း အဝေးရလဒ်အဖြစ် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်ကို အဖွဲ့ဝင် နိုင်ငံများ၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသည် မဲခေါင် - ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အလှည့်ကျပူးတွဲဥက္ကဋ္ဌ တာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံရယူသည်။ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်သည်။

(၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု၏ အမြဲတမ်းပူးတွဲဥက္ကဋ္ဌဖြစ်သည့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာက မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။


မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၀၀ ပြည့်နှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်ပြီးဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ပိုမိုရှင်သန်ခိုင်မာစေရေးဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုတွင် အိန္ဒိယနိုင်ငံနှင့် မဲခေါင်ဒေသခွဲ နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။


#MyanmarNatioanlPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)