စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ် နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ် နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားများ တက်ရောက်





MNP ၊ ဇူလိုင် ၂၅      

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသက် ၈၅ နှစ်နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သက်ကြီးအဘိုးအဘွားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ မြန်မာ့လူမှုအသိုက်အဝန်းတွင် ကြီးသူကိုရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကိုသနားဆိုသည့် စကားနှင့်အညီ သက်ကြီးရွယ်အိုများအား အရိုအသေပြုကြသည့် အစဉ်အလာကောင်းသည် ရှေးယခင်ကတည်းက ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလိုသက်ကြီးရွယ်အိုများအား အရိုအသေပြုကြသည့် ရှိပြီးသားအစဉ်အလာကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာတွင် သက်ကြီးရွယ်အိုများအား စောင့်ရှောက်မှုပေးနေသည့် နည်းစနစ်များနှင့်ပေါင်းစပ်ပြီး သက်ကြီးရွယ်အိုများအား စောင့်ရှောက်မှုပေးသည့်အပြင် လူမှုရေးပင်စင်များလည်း ထောက်ပံ့ပေးလျက် ရှိပါကြောင်း၊ ယခုလို ထောက်ပံ့ပေးအပ်ရာတွင်လည်း ပိုမိုကောင်းမွန်ထိရောက်အောင်နှင့် ဘိုးဘွားများ လက်ဝယ်အရောက် တိတိကျကျရရှိအောင် ဆောင်ရွက်ပေးသွားကြရန်လိုအပ်ပါကြောင်း၊


သက်ကြီးရွယ်အိုများအတွက် အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေးနှင့် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးတို့တွင် သင့်လျော်သည့်  အထောက်အပံ့ရရှိခွင့်များ ရရှိစေနိုင်ရန် ဆောင်ရွက်ပေးရမှာဖြစ်သလို လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များ၊ အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်နှင့် လူမှုအဖွဲ့အစည်းလှုပ်ရှား ဆောင်ရွက်မှုများအတွင်း သက်ကြီးရွယ်အိုများ ပါဝင်ဆောင်ရွက်ခွင့်ကိုလည်း ဆောင်ရွက်ပေးသွားရမှာ ဖြစ်ပါကြောင်း၊


နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနှင့် ပုဂ္ဂလိကစသည့် သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ သက်ကြီးရွယ်အိုများအရေးကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်မှ ဘိုးဘွားများအတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။  


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ အဘိုးအဘွား ၁၀၄၇၉ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် ၃၁၄,၃၇၀,၀၀၀ (သိန်းသုံးထောင် တစ်ရာလေးဆယ်သုံးသိန်း ခုနှစ်သောင်း)အား တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ပြီး မုံရွာခရိုင်အတွင်းရှိ အဘိုးအဘွား ၁၆၅၅ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၄၉,၆၅၀,၀၀၀ (လေးရာကိုးဆယ်ခြောက်သိန်းငါးသောင်း)အား တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးမှ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဆက်လက်၍ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော အဘိုးအဘွားများအား ထောက်ပံ့ငွေများ လက်ရောက်ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။   


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မဟာဝိဇ္ဇာ သိပ္ပံကျောင်းတိုက်သို့ ရောက်ရှိရာ နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇမဟာရဌဂုရု ဘဒ္ဓန္တသူရိယ ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပင့်သံဃာဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။


ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း တိုက်ကြီးရှိ ဓမ္မာရုံတွင် ဆားလင်းကြီးမြို့နယ်၊ ကျေးရွာ ၃ ရွာမှ ယာယီနေရပ်စွန့်ခွာ ပြည်သူ များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားပေးစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ယာယီနေရပ်စွန့်ခွာ ပြည်သူများထံ ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)