MNP ၊ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူ ဘုရားကြီးအာရုံခံတန်ဆောင်း၌ အကြိမ်(၃၀)မြောက် အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ကျိုင်းတုံမြို့နယ်၊ သံသရာအေး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး တြိဂံဒေသတိုင်း စစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံသရာအေးကျောင်း တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဟပ်ပီကွယ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ က ပဋ္ဌာန်းတရားနာကြားရန် နတ်ဗြဟ္မာများကို ပင့်ဖိတ်သည်။
ထို့နောက် နားပေါ် ထေရဝါဒသာသနာပြု ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေသဝ က ပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ်ပူဇော်ရန် ပဋ္ဌာန်း အမွှမ်း ဂါထာကိုရွတ်ဖတ်ပြီး ကြွရောက်လာကြသည့် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိကို သံပြိုင်ရွတ်ဆို ပူဇော်ကြသည်။ ၎င်းနောက် အလှည့်ကျဆရာတော်က ပဋ္ဌာန်းကျမ်းမြတ်ကို ရွတ်ဖတ်ပူဇော်ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းကြသည်။
အဆိုပါ အကြိမ်(၃၀)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ကျမ်းမြတ်ပူဇော်ပွဲကို ဇူလိုင် ၁၄ ရက်အထိ ၅ ရက်တိုင်တိုင် သံဃာတော် ၂၁ ပါးဖြင့် ရွတ်ဖတ်ပူဇော်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment