ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံသို့တက်ရောက်



MNP ၊ ဇူလိုင် ၁၁

“ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံ” သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ၉-၇-၂၀၂၃ ရက်နေ့က တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA)၊ ဒုတိယဥက္ကဋ္ဌ Mr. Deng Boqing နှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဆဲစီမံကိန်းများ၊ အဆိုပြုစီမံကိန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံသို့တက်ရောက်လာကြသည့် နိုင်ငံ/ အဖွဲ့ အစည်းများမှ အဆင့်မြင့်ကိုယ်စားလှယ်များအား CIDCA မှ တည်ခင်းဧည့်ခံသည့် ကြိုဆိုဂုဏ်ပြုခြင်း အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်သည်။


ယနေ့နံနက်ပိုင်းတွင် “ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံ” ကို “Global Development Initiative: Echo the Development Agenda and Call for Global Action” ခေါင်းစဉ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ပါဝင်တက်ရောက်သည်။


အဆိုပါညီလာခံသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မရှင်ရုံး အကြီးအကဲ Mr. Wang Yi ၊ တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (CIDCA) ဥက္ကဋ္ဌ Mr. Luo Zhao-hui ၊ ဖိတ်ကြားထားသော အာရှ၊ အာဖရိက၊ လက်တင်အမေရိက နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်အဖွဲ့များနှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၆ ခုတို့မှ အဆင့်မြင့်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့် ကိုယ်စားလှယ် နှစ်ဦးတို့လည်း ပါဝင်တက်ရောက်ကြသည်။


ညီလာခံတွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေးကိစ္စများနှင့်စပ်လျဉ်း၍ ဘုံအကျိုးအမြတ်ရရှိစေရန် ရည်ရွယ်၍ ဖိုရမ်ခွဲလေးခု ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးသည် “ဆင်းရဲမှုလျှော့ချရေးနှင့် စိုက်ပျိုးရေး အသွင်ကူးပြောင်းမှုအတွက်ကမ္ဘာလုံးဆိုင်ရာ အများပြည်သူပိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ခွဲ” သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။


 ညီလာခံအပြီးတွင် ပါဝင်တက်ရောက်သည့် နိုင်ငံများ၏ သဘောတူညီမှုဖြင့် ပေကျင်းထုတ်ပြန်ချက်ကို ကြေညာခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)