MNP ၊ ဇူလိုင် ၁၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက ( အမက )ကျွဲခြံမွန် ကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ကျောင်းသား၊ကျောင်းသူများ ကို အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းကို အကျယ်တဝင့် ပြောကြားခဲ့သည်။ ထို့ပြင် ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာမည်ဖြစ်ကြောင်း
ဟောပြောဆွေးနွေးပြီး ကျောင်းသား၊ကျောင်းသူ များက စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုခြင်းတို့ကို ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ အာဇာနည်နေ့ အထိမ်းအမှတ် တို့နှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့်အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။
ပေါင်မြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပေါင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် နယ်လှည့်စာကြည့်တိုက်များ လိုက်လံဖွင့်လှစ်ပေးခြင်း၊ နေ့ထူးရက်မြတ်များနှင့် အထိမ်းအမှတ်နေ့ရက်များအလိုက် ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲများ ပြုလုပ်ပေးခြင်းတို့ကို စဉ်ဆက်မပြတ် လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment