မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား သြဂုတ်လ ၁ရက်နေ့မှစ၍ အများပြည်သူ ဝင်ရောက်ဖူးမျှော်နိုင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား သြဂုတ်လ ၁ရက်နေ့မှစ၍ အများပြည်သူ ဝင်ရောက်ဖူးမျှော်နိုင်မည်







MNP ၊ ဇူလိုင် ၂၁

ဦးဆောင်ဘုရားဒါယိကာအဖြစ် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တည်ထားကိုးကွယ်လျက်ရှီသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခဲ့မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ နေ့လည် ၁ ၀၀ နာရီက ဗုဒ္ဓဥယာဉ်တော်အတွင်းတွင် ကျင်းပခဲ့ပြီး ဗုဒ္ဓဘိသေကနေကဇာတင်ပြီး သြဂုတ်လ ၁ရက်နေ့မှစ၍ အများပြည်သူ ဝင်ရောက်ဖူးမျှော်နိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားသွားသည်။

သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြန်လည်ဖြေကြားရာတွင် သြဂုတ်လ ၁ရက်နေ့ ဗုဒ္ဓဘိသေက နေကစာတင်ပူဇော်ပြီးနောက်ပိုင်း အများပြည်သူ ဝင်ရောက်ဖူးမျှော်နိုင်မည်ဖြစ်ကြောင်း၊ သြဂုတ်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ အခမဲ့ ဝင်ရောက်ဖူးမျှော်နိုင်ပြီး သြဂုတ်လ ၁၆ ရက်နေ့နောက်ပိုင်း ဗုဒ္ဓဥယာဉ်တော်အတွင်း ကို ဝင်ကြေးသတ်မှတ်၍ ဝင်ရောက်ဖူးမျှော်ခွင့် ပြုပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသွားသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်ဘက်ဂျက်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်း မဟုတ်ဘဲ ဦးဆောင်ဘုရားဒါယိကာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံအဝှမ်းမှ ရဟန်းရှင်လူပြည်သူများ၏ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော် ထုဆစ်ပူဇော်မည့် စကျင်ကျောက်တုံးတော်ကို အပိုင်း ၄ပိုင်းခွဲ၍ သယ်ယူခဲ့ရကြောင်း၊ အကြီးမားဆုံး ရွှေ့ပြောင်းသယ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း၊ ပုံတော်သွန်းလုပ်ရာတွင်လည်း အဆင့်မြင့်နည်းပညာများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ပိဋကတ်ကျောက်စာချပ်များကိုလည်း အသေးစိတ်စိစစ်ခဲ့ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီး ကို တည်ထားရာတွင် နေပြည်တော်နှင့် အနီးတဝိုက် အမြင့်ဆုံးလှုပ်ခတ်ခဲ့သော ငလျှင်ဘေးဒဏ်ကို ခုခံကာကွယ်နိုင်ရန်နှင့် မုန်တိုင်းဒဏ်နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံတွင် အမြင့်ဆုံးလေတိုက်နှုန်း ဖြစ်ပေါ်ခဲ့သော နာဂစ်တွင် တစ်ရာရီလျှင် မိုင်၁၂၀ နှုန်းတိုက်ခိုက်ခတ်သည်ကို တွက်ဆ၍ ငလျှင်ဘေးဒဏ်၊ သဘာဝဘေးဒဏ် ခုခံကာကွယ်နိုင်စေရန် တည်ထားကိုးကွယ်ထားခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသွားသည်။

သတင်းထောက်များ၏ မေးမြန်းမှုကို ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြန်လည်ဖြေကြားရာတွင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြမည့် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် မြန်မာနိုင်ငံရှိ အခြားသော အထင်ကရ နေရာများသို့ သွားရောက်သကဲ့သို့ နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမျှော်ခြင်းဖြင့် စိတ်ချမ်းမြေ့မှုကို ရရှိစေမည်ဖြစ်ကြောင်း ထည့်သွင်းဖြေကြားသွားသည်။

တက်ရောက်လာသော သတင်းဌာနများမှ စုပေါင်း၍ အလှူငွေ ၁၈သိန်းကျော်ကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံအသုံးပြုရန် ရည်ရွယ်၍ သူရိယနေဝန်းမီဒီယာ ဦးမိုးဟိန်း က ပေးအပ်လှူဒါန်းခဲ့ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က လက်ခံရယူပေးခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)