အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ဘာလဲ၊ ဘယ်လဲ (အပိုင်း -၂) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ဘာလဲ၊ ဘယ်လဲ (အပိုင်း -၂)


အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှ၊ ဂျပန်၊ တရုတ်၊ ကိုရီးယား စသည့် ပညာရေးတိုးတက်နေသော နိုင်ငံများတွင်တက္ကသိုလ်ဝင်စာမေးပွဲ၌ All D မရှိ။ Top Ten=ထိပ်ဆုံးဆယ်ယောက်မရှိ။ တနိုင်ငံလုံးပထမ မရှိ။ လူရည်ချွန်စနစ်မရှိ။ ငွေရှိ၊ ပညာရှိ၊ အာဏာရှိ လူတန်းစား ကောင်းစားရေးကို အမျိုးသားအစိုးရ စစ်စစ်တို့က ဖော်ဆောင်မပေးပေ။ အမျိုးသားရေးရှေးရှု အစိုးရတို့ကသာ ချမ်းသာဆင်းရဲ၊ အာဏာရှိမဲ့၊ ပညာရှိ/မဲ့ ရင်သွေးတိုင်း ပညာသင်ယူခွင့် အခွင့်အလမ်း တူညီစွာရသည့် အမျိုးသားပညာရေးစနစ် စစ်စစ်ကိုထူထောင်ပေးသည်။ ဘုရင်အစိုးရ၊ အာဏာရှင်အစိုးရ၊ ကွန်မြူနစ်အစိုးရ၊ ဒီမိုကရေစီအစိုးရ စသည့်အမည်ကွဲပြားစေ နိုင်ငံလူမျိုးကောင်းကျိုးဆောင်ရွက်မှ အမျိုးသားအစိုးရအစစ်ဖြစ်သည်။ ဥရောပသားတို့ဆိုလျှင် ၁၉ ရာစုကပင် အမျိုးသားအစိုးရ ဘဝပီပီပြင်ပြင်ရောက်ရှိခဲ့ရာ ယခုလည်းအမျိုးသားရေးရှေ့တန်းတင် အစိုးရများပင်။ ထို့ကြောင့်လူတန်းစားခွဲခြားပညာရေးစနစ် ထိုနိုင်ငံတွေမှာ မရှိ။

 ရှင်သုံးရှင်၊ ရှိသုံးရှိ လူတန်းစား လူနည်းစုကောင်းကျိုး ပညာရေးစနစ်က မြန်မာတနိုင်ငံထဲသာရှိသည်။ ၎င်းကို ၁၉၆၅ ခုကစခဲ့သည်။ ၁၉၆၉က ဗိုလ်ချုပ်ကြီးနေဝင်းသမီး မကြေးမှုံဝင်း ၆ ဘာသာဂုဏ်ထူးနှင့် အောင်ကြောင်း သတင်းစာကပင် ဖော်ပြခဲ့သည်။ ကြည့်စို့။ သာမန်အောက်ခြေ (စစ်သား၊ ရဲသား၊ ဝန်ထမ်းသား၊ ဆင်းရဲလူထု)တို့ ရင်သွေးတွေက မကြေးမှုံဝင်းလို ဂုဏ်ထူးမထွက်၊ ရိုးရိုးအောင် အမှတ်ကနည်း။ သင်ယူလိုသောပညာရပ်၊ အမှတ်မမီ၍ ပညာရေးအာဏာရှင်တို့သတ်မှတ်ပေးသော တက္ကသိုလ်တက်ရသည်။ သူတို့သည်မကြေးမှုံဝင်းထက်ညံ့သူများမဟုတ်။သို့သော်ဘဝအကျိုးပေးက နိုင်ငံအကြီးအကဲဘုရင့်သားသမီးမဖြစ်ရ။မကြေးမှုံဝင်းလို ထမင်းကို အရံသင့်စားရသူများမဟုတ်။ မကြေးမှုံဝင်းက ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်၊ ကိုယ့်အဝတ်ကိုယ်လျှော်ဖို့နေနေသာသာ စားပြီးပန်းကန်ပင်မဆေးရ။ လက်မပေလိုက 

 ဇွန်းခက်ရင်းနဲ့စား။ သနပ်ခါးသွေးပြီးသားပင် လိမ်းပေးသူကအရံသင့်။ ရဲဘော်တွေသားသမီးဆိုတာ မိသားစုဝေရာဝစ္စလုပ်ရသူများ။ အမေ မအားလျှင် ထမင်းအိုးကိုပင် ထင်းကိုကိုယ်တိုင်ခုတ်ဖြတ် တည်ရသည့်ဘဝ။ သည်ကြားထဲ ရှေ့တန်းမှာ ဖခင်တိုက်ပွဲကျချိန်နှင့် တိုက်ဆိုင်ခဲ့လျှင် နဂိုကမှ စာကြည့်ချိန်နည်းရသည့်ထဲ ကြေကွဲစရာတွေ ဝင်လာတော့ ဉာဏ်ကောင်းလို့ အောင်လာစေကာမူ မကြေးမှုံဝင်း အမှတ်ဘယ်မီပါ့မလဲ။

  

ဤတွင် အင်္ဂလန်ပညာရေးကို တင်ပြလိုသည်။ ၁၉ ရာစုဦးထိ အင်္ဂလန်ပညာရေးသည်လည်း ရှင်သုံးရှင် လူတန်းစားတွက်ဖြစ်သည်။ Early in the 19th century, rich children learnt their lessons in their homes. Poor children lived their schools that were very bad,cold and uncomfortable.Their teachers often beat them. ချာလော်တီ ဘရွန်တီ ၏ Jane Eyre ဝတ္ထုမှကောက်နုတ်ချက်။ သူ့ဘဝအဖြစ်မှန်ကိုအခြေခံပြီး ၁၈၃၀ခုက အင်္ဂလန်ပညာရေးစနစ်အကြောင်း တစေ့တကြောင်းဖော်ပြထားရာ ရှင်သုံးရှင်အတွက်ဖြစ်သည်ကို တွေ့ရသည်။ မြန်မာ့ပညာရေးမှာ ခေတ်စားနေသောဘော်ဒါ၊ စားပွဲဝိုင်းကျူရှင်၊ Guideစနစ်တို့သည် အင်္ဂလန်တွင် ၁၈၃၀ချိန်ထိရှိခဲ့သည်။ ထိုစနစ်ကရှင် ၃ ရှင်ကိုသာကောင်းကျိုးပေးပြီး နိုင်ငံလူမျိုး ဆိုးကျိုးရကြောင်းသိမြင်၍ အမျိုးသားပညာရေးဖြစ်ရန် ၁၈၅၆ခုတွင် ပညာရေးဝန်ကြီးဌာနဖွဲ့စည်း၊ ပညာတန်းတူသင်ယူခွင့်ရရေးကို စတင်သည်။ ကမ္ဘာတွင် ပညာရေးဝန်ကြီးစတင်ခန့်သည့် နိုင်ငံမှာအင်္ဂလန်ဟုဆိုရမည်။ အင်္ဂလန်အမျိုးသားပညာရေးသည် ဥရောပ၌အစောဆုံးဖြစ်သည်။ သင်ယူလိုသောပညာကို လူတိုင်းသင်ယူနိုင်ခွင့်ရအောင် အစိုးရက ဖန်တီးပေးရမည်ဆိုသည်ကို အင်္ဂလန်အစိုးရကော ပညာရေး ပညာရှင်တို့ကပါနားလည်၍ ကျင့်သုံးခဲ့သည်မှာယနေ့ထိ။ ပြင်သစ်ကို အပြတ်အသတ်ရှုံးနိမ့်ခဲ့သော ပရပ်ရှားတို့လည်း ၁၈၀၆ ခုနောက်ပိုင်းတွင် ယခင်မဟာဖရက်ဒရစ်ဘုရင်ပုံစံ အခြေခံ အမျိုးသားပညာရေးစနစ်ပြုပြင်နိုင်ခဲ့ရာ ၁၈၇၀ တွင် ပြင်သစ်ကိုပြန်နိုင်၍ ကျန်ဥရောပနိုင်ငံတို့လည်း ပရပ်ရှားနည်းယူ အမျိုးသားပညာရေးစနစ်ဖြစ်လာသည်။ ဆိုခဲ့သည့်အတိုင်း အမျိုးသားပညာရေးစနစ်အစစ် ဆိုသည်မှာငွေရှိ၊ ပညာရှိ၊ အာဏာရှိ လူတန်းစားလူတစုကောင်းစားရေး သက်သက်သာလုပ်နေသော ယနေ့မြန်မာပညာရေးလို မဟုတ်ပေ။


 ဤတွင် မဟာဖရက်ဒရစ်= Frederick the Great of Prussia အကြောင်းရှာဖွေကြည့်ပါသည်။ သူသည် ထက်မြက်ရဲရင့်သူရသတ္တိနှင့် ပြည့်စုံကာစစ်ရေးတော်သည်။ စစ်တပ်ကို အထူးဂရုစိုက်သည်။ ဆင်းရဲနွမ်းပါးနေသော ပရပ်ရှားပြည်ကို အစွမ်းကုန် တိုးတက်အောင်ဆောင်ရွက်သည့် လုံ့လဥဿဟနှင့် ပြည့်စုံသော ခေါင်းဆောင်ကောင်းဖြစ်သည်။


နိုင်ငံ၏ အုပ်ချုပ်မှုရေးရာတွင် အသေးအမွှားကစ ဂရုပြုသူ။ (မြန်မာ့သမိုင်းက သာလွန်မင်းတရားကြီး၏ စီစစ်ချွေတာမှုမျိုးရှိသည်ဟု လမ်းစဉ်ပါတီထုတ် ကမ္ဘာ့သမိုင်းမှတ်တိုင် စာအုပ်ကမှတ်ချက်ထားသည်။ ဖရက်ဒရစ်သည်၊ သာလွန်မင်းတရားထက် နှစ်တရာခန့်နောက် ကျ၍ အလောင်းမင်းတရားထက်၁၂နှစ်စောသည်။) ပရပ်ရှားပြည်၏ တရားဥပဒေကို ပြန်လည်စီစစ်၍ ရုံးတော်တွင်အယုတ်၊ အလတ်၊ အမြတ်မရွေး ဘက်လိုက်မှုမရှိစေရဘဲ တရားသဖြင့်ဖြစ်စေရသည်။ စာပေအနုပညာရှင်များကို အားပေးသည်။ ကိုယ်တိုင် ကဗျာရေးငြားမကျော်ကြားပေ။ သူသည် တန်ခိုးအာဏာကို ကိုယ်ကျိုးအတွက်အသုံးမပြု၊ တိုင်းသူပြည်သားများ အကျိုးအတွက် အသုံးချသည်။ (မင်းညီမင်းသားမည်သည် အကြွင်းမဲ့အုပ်စိုးသောသခင်မဟုတ်ဘဲ တိုင်းသူပြည်သားတို့၏ ပထမအစေခံကြီးများပင်ဖြစ်သည်ဟု ဖရက်ဒရစ်ကရေးသားခဲ့သည်)ကို သမိုင်းကမှတ်တမ်းထားသည်။ ဖရက်ဒရစ်သည် စစ်ရေးသာမက ပညာရေးကိုလည်း အလေးပေးဆောင်ရွက်ကြောင်း ပရပ်ရှားတို့ အမျိုးသားပညာရေးထူထောင်နိုင်ဖို့ လမ်းစချခဲ့ကြောင်း ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ ပညာ့သဘောမှသိရသည်။ ၁၈ရာစု ပရပ်ရှားသည် ဥရောပ၏ စံပြနိုင်ငံကြီးဖြစ်ခဲ့ရခြင်းမှာ ဖရက်ဒရစ်ကြောင့်ဟု ကမ္ဘာ့သမိုင်းကဆိုထားသည်။ ဖရက်ဒရစ်နောက် ဆက်ခံသူတို့သည် အရည်အချင်းမရှိ၍ ၁၉ရာစုဝင်ချိန် Jena တိုက်ပွဲ၌ ပြင်သစ်ကိုရှုံးရခြင်းဖြစ်သည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် မဟာဖရက်ဒစ်လို ခေါင်းဆောင်ကောင်းဖြစ်သည်။ သူသည်နိုင်ငံ လူမျိုးလွတ်လပ်ရေးအတွက် တပ်မတော်ကိုထူထောင်ခဲ့သည်။ ပညာပြည့်ဝနှလုံးလှသည့် ဗိုလ်ချုပ်အောင်ဆန်းသာ မကျဆုံးခဲ့လျှင် အမျိုးသားပညာရေးစနစ် အစစ်ကိုဖော်ဆောင်နိုင်မည်။ အကယ်၍သာ ဦးနေဝင်း၊ ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ တဦးဦးသာ ဗိုလ်ချုပ်လို ပညာပြည့်ဝနှလုံးလှခဲ့ပါလျှင် ယနေ့အဖြစ်များ မကြုံနိုင်ဟု စာရေးရင်းစဉ်းစားနေမိသည်။ ဦးသန်းရွှေသည် စစ်တပ်ကိုသာ တည်ဆောက်ခဲ့ပြီး နိုင်ငံကိုတည်ဆောက်ဖို့ ပညာရေးကိုမပြုပြင်ခဲ့။ နိုင်ငံကိုမတည်ဆောက်၍ ဌာနတိုင်းခြစားသည်။ အကျင့်စာရိတ္တ စံပြဖြစ်ရမည့် ပညာရေးဌာနကြီးတခုလုံး ကိုယ်ကျင့်တရားပျက်သုဉ်းသွားသည်။ နောက်ဆက်ခံသည့် ဦးသိန်းစိန်ကော ဒေါ်အောင်ဆန်းစုကြည်တို့ကပါ မပြုပြင်။

    

၁၉၄၈မှ ၂၀၀၀ခုထိ အမျိုးသားပညာရေးအမည်မသုံး။ (စနစ်သစ်ပညာရေး)အမည်ဖြင့် ၁၉၆၅မှ ၁၉၇၇ထိ အထက်တန်းတွင် သိပ္ပံတွဲ၊ ဝိဇ္ဇာတွဲ ဉာဏ်ရည်အရခွဲကာ သင်ရိုးရေးဆွဲသင်သည်။ ပညာရေးC မျိုးဆက် ဒေါက်တာပဒေသာတင်သည် ၁၉၇၀ တွင်သိပ္ပံတွဲဖြင့် ဆယ်တန်းအောင် ၁၉၇၄တွင် B.Sc ရူပ ကို ရန်ကုန်တက္ကသိုလ်က ရသူ။ ၁၉၇၈မှ ၁၉၈၅ ထိ သိပ္ပံဝိဇ္ဇာမခွဲတော့ဘဲ မြန်မာ၊ သင်္ချာ၊ အင်္ဂလိပ်၊ သမိုင်း၊ (ဓာတုနှင့် ရူပပေါင်းစည်းတဘာသာ)၊ (ပထဝီနှင့် ဘောဂပေါင်းစည်းတဘာသာ) ပေါင်း ၆ဘာသာ၌ သမိုင်းကို သီးခြားဘာသာအဖြစ် အလေးထားသင်ကြားသည်။ Cမျိုးဆက် ဒေါက်တာစောဝေလှသည် ထိုစနစ်ဖြင့် ၁၉၈၁ မှာ ဆယ်တန်းအောင် ၁၉၈၅၌ ရန်ကုန် တကသ မှB.Sc ရူပရ။ ၁၉၈၆ မှ ၁၉၉၄ထိ ( ပညာရေးအစီစဉ်သစ် စနစ်ဖြင့်) ဉာဏ်ရည်အရ ဝိဇ္ဇာသိပ္ပံပြန်ခွဲ ကာ သိပ္ပံဘာသာရပ်တို့ကို အင်္ဂလိပ်လိုစသင်သည်။ ဝိဇ္ဇာဘာသာရပ်ရှိ(ဘောဂဗေဒ)ကိုလည်း Eng ဖြင့်သင်သည်။ ၁၉၉၅၌(အစီစဉ် သစ်ပညာရေး)ဟု အမည်ပြောင်းကာ မြန်မာ၊ သင်္ချာ၊ အင်္ဂလိပ်၊ (ဓာတု၊ ရူပ၊ ဇီဝပေါင်းစည်း သိပ္ပံကတဘာသာ)၊ (ပထဝီ၊ သမိုင်း၊ ဘောဂပေါင်းစည်း ဝိဇ္ဇာကတဘာသာ) ပေါင်း ၅ ဘာသာစနစ်ကို ၂၀၀၀ပြည့်ထိ ကျင့်သုံးသည်။ ဘောဂဗေဒကို မြန်မာလိုပြန်သင်သည်။

 

၂၀၀၁တွင် အမျိုးသားပညာရေးနှစ် ၃၀ စီမံကိန်းချကာ မူလယ်တွင် သင်ရိုးမပြောင်းဘဲ ထက်ဆင့်မှာ အတွဲ ၈ တွဲ သင်ရိုးစနစ်ထွင်သည်။ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ကအတွဲ ၈ခုလုံးပါပြီး အတွဲများကို(၁)ဓာတု၊ ရူပ၊ ဘောဂ (၂)ဓာတု၊ ရူပ၊ ပထဝီ 

 (၃)ဓာတု၊ ရူပ၊ သမိုင်း (၄)ဓာတု၊ ရူပ၊ စိတ်ကြိုက်မြန်မာစာ ဟု သိပ္ပံဝိဇ္ဇာအတွဲ ၄ခု (၅)ပထဝီ၊ ဘောဂ၊ သမိုင်း (၆)ပထဝီ၊ ဘောဂ၊ စိတ်ကြိုက်မြန်မာစာ (၇)ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ (၈)ဓာတု၊ ရူပ၊ ဇီဝ ဟုအခွဲ ၄ ခုခွဲခြားကာ အကျမရှိစနစ် အရလယ်ဆင့်အောင်သူများ စိတ်ကြိုက်ရွေးချယ်စေသည်။ ထိုစနစ်ကို ၂၀၁၁မှ ၂၀၁၅ထိ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးအစိုးရက ဆက်လက်ကျင့်သုံးသည်။၂၀၀၁ အမျိုးသားပညာရေးစနစ်က မူ၊ လယ်၊ ထက် သင်ရိုးများသည် ၁၉၈၄မှ ၁၉၉၄ သင်ရိုးများဖြစ်ပြီး မူဆင့်မှာ ၅ နှစ်ကြာ၊ လယ်ဆင့် ၄ နှစ်၊ ထက်ဆင့် ၂ နှစ်ဖြစ်ရာ ၁၉၆၅က 5:4:2 ပုံစံ KG+10 စနစ်ပင်ဖြစ်သည်။

 

၂၀၁၆ မှ၂၀၂၀ထိ ဒေါ်အောင်ဆန်းစုကြည် NLD အစိုးရခေတ်တွင် 6:4:3 ပုံစံ KG+12စနစ် ဖြစ်လာပြီး၂၀၁၇ ၌ အမျိုးသားပညာရေး(မဟာဗျူဟာ)စီမံကိန်း အမည်ဖြင့်(သင်ရိုးသစ်၊ သင်နည်းသစ်၊ စစ်ဆေးနည်းသစ်)စသည် ပြောပြီး (စနစ်သစ်) ဟု ၁၉၆၅ ခုက စကားလုံးပြန်သုံးသည်။ NLD ခေတ်ပညာရေးသည် ဦးသန်းရွှေ(အမျိုးသားပညာရေးနှစ်၃၀) အဆက်ဖြစ်သော်လည်း (မဟာဗျူဟာစနစ်သစ်)ဆိုသည့်အတိုင်း KG ကစပြောင်းလာသည်။ ဦးသန်းရွှေခေတ် အမျိုးသားပညာရေးစနစ် KG က ဆရာကြီးမင်းသုဝဏ်မူ သင်ရိုးကောင်းစနစ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ခေတ် အမျိုးသားပညာရေး(မဟာဗျူဟာ)စနစ် KG က ဆရာကြီးမင်းသုဝဏ်မူစနစ်ကို လုံးဝဥဿုံဖျက်ဆီးလိုက်သောစနစ်။ KG+12စနစ်ကပထမတန်းG.1သည် ၂၀၀၁ KG ကစာ၊ KG+12စနစ်က G.2 သည် ၂၀၀၁က G.1စာ။ ဤသို့အတန်း မြင့်သွားသော်လည်းသင်စာက တဆင့်နိမ့်စာ။ ၂၀၂၃ စ G-9= နဝမတန်းသည် KG+10 ကအဋ္ဌမတန်း အဆင့်သာ။ ဦးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ အမျိုးသားပညာရေးက (ဘွဲ့ရစာမတတ်)မွေးထုတ်စနစ်။ ဒေါ်စုခေတ်ကငွေ၊ အချိန်ပိုကုန်ရာ (ရှိသုံးရှိ=ရှင်သုံးရှင်)တွေပို၍ အကျိုးရှိသည်ပေါ့။ ၂၀၁၆ မေ စောင့်ကြည့်ဂျာနယ်၌ KG သစ်သည် ဆရာကြီးမင်းသုဝဏ်၏ KG ကို သားတော်သမ္မတ ဦးထင်ကျော်လက်ထက်မှာ ဖျက်ဆီးလိုက်ကြောင်း တင်ပြခဲ့သလို KG+12 စနစ် တန်းစဉ်သင်ရိုးများသည် တဆင့်နိမ့်သင်ရိုးများဖြစ်၍ ပြုပြင်သင့်ကြောင်း စာတမ်းကို ၂၀၁၇ မေလတွင် ထိုစဉ်က သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် သိသင့်သိထိုက်သူများထံ ပေးပို့ခဲ့ပါသည်။

                                                    

(ရှေ့တပတ်ဆက်ရန်)                                                    

ကိုဌေး(နတ်မောက်)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)