မန္တလေးတိုင်းဒေသကြီးနယ်မြေအခြေစိုက် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးနယ်မြေအခြေစိုက် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေး





MNP ၊ ဇူလိုင် ၁၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်သော နိုင်ငံရေးပါတီများ၏ ပါတီလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိခြင်း ရှိ၊ မရှိ ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်၊ ဦးကိုကိုလွင်နှင့် ဦးသန်းအောင်ကျော်တို့သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဒီမိုကရက်တစ်အင်အားစု လေဘာပါတီမှဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များကို တွေ့ဆုံသည်။

တွေ့ဆုံစဉ် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့သည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ပါတီဝင် အင်အားပြည့်မီအောင် စည်းရုံးထားရှိရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းများ သတ်မှတ်အရေအတွက်အတိုင်း ဖွင့်လှစ်ထားရှိရေး၊ ပါတီဘဏ္ဍာရေးစည်းမျဉ်းများကို ညွှန်ကြားချက်များနှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိရေး၊ ပါတီအလံနှင့်ဆိုင်းဘုတ်များ အသုံးပြုခြင်းကို ဥပဒေသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သွားကြရန်နှင့် စည်းရုံးရေးကာလအတွင်း ပြည်သူများ အနှောင့်အယှက်မဖြစ်စေရေး၊ သတိပြုအလေးထားဆောင်ရွက်သွားကြရန်၊ လာမည့် ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဖြစ်၍ မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခံရရန် အခွင့်အလမ်းပိုမိုရရှိ လာနိုင်သည်ဖြစ်၍ ခိုင်မာအားကောင်းသည့် နိုင်ငံရေးပါတီများအဖြစ် လေ့ကျင့်ပြင်ဆင်တည်ဆောက်ထားကြရန်၊ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်အဖွဲ့များ ပါဝင် ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒီမိုကရက်တစ်အင်အားစုလေဘာ ပါတီဥက္ကဋ္ဌ ဒေါ်တင်တင်မာက ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုတင်ပြပြီး ကော်မရှင်အဖွဲ့ဝင်များက လိုအပ်သည်များကို ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့အခြေစိုက် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီသည် မလွန်ဆေးရိုးဝင်း အောင်နန်းအနောက်ရပ်ကွက် ၃၃ x ၃၄ ကြား (၈၅) လမ်း အမှတ် (၁၂) တွင် တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၃၅/၂၀၂၃) ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉) နှင့်အညီ မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)