MNP ၊ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာကိုကြိုးစားကြသလို ပြင်ပ အသိပညာဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကို ပါလေ့လာဖတ်ရှုကြခြင်းဖြင့် အနာဂါတ်ကာလ၌ အသိပညာကြွယ်ဝစေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိအခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ကြိုက်နှစ်သက်ရာ ခေါင်းစဉ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အိအိသန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြတ်ခင်မော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညီလာကျော်နှင့် အဖွဲ့ဝင်များက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်နှင့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment