ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ ဇူလိုင် ၂၅

၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်အသင်းများ တွေ့ဆုံပွဲတွင်ကဏ္ဍအသီးသီးရှိ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များမှ တင်ပြချက်များအပေါ် ဆက်လက်အကောင် အထည်ဖော်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီကစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ညီနောင် အသင်းအဖွဲ့ ၁၈ ခုမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အထွေထွေအတွင်း ရေးမှူး ၃၈ ဦးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယခုအစည်းအဝေးသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ညီနောင်အသင်း အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံပွဲ၌ လုပ်ငန်းရှင်များမှ တင်ပြဆွေးနွေးချက်များအပေါ် အကောင်အထည်ဖော် ဆောင် ရွက်နိုင်‌ရေးအတွက် ယခုကဲ့သို့လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏စီးပွားရေးပြန်လည် မြှင့်တင်နိုင်ရေး ဘက်ပေါင်းစုံမှနေ၍ အစိုးရနှင့် ပုဂ္ဂလိကလက်တွဲကြိုးပမ်း ဆောင်ရွက်ရာတွင် ဆက်လက်ဆောင်ရွက်ရန် ကိစ္စများအပေါ် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးရန် ဖြစ်ပါကြောင်း၊ လက်တွေ့ထိရောက်သည့် နည်းလမ်းများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုအောင်မြင်‌အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဆောင်ရွက်နိုင်ပြီး ထွက်ရှိလာသည့် ကုန်ကြမ်း ပစ္စည်းများအပေါ် မူတည်၍ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်များ တိုးတက်ရရှိလာမည်ဖြစ်ပါက လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီးနှင့် ဝန်ဆောင်မှုကဏ္ဍကြီးများတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲနှင့်နှမ်းများကို ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်း၌ ဆီထုတ်လုပ်ခြင်း လုပ်ငန်းများ၌ အသုံးပြု ဆောင်ရွက်မည်ဆိုပါက ဆီစက်များလည်ပတ်ရခြင်း၊ တိရစ္ဆာန်အစာအတွက်လိုအပ်သည့် နှမ်းဖတ်၊ ပဲဖတ်များရရှိခြင်း၊ အလုပ်အကိုင်များ ရရှိခြင်းများ ဖြစ်ပေါ်ပြီး ပြည်တွင်းဆီဖူလုံမှုများကို များစွာအထောက် အကူပြုစေမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက်ကဏ္ဍအလိုက် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဦးတည်ချက် (၁၂) ချက်တွင် ပါရှိသည့် အချက် များကို အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရန်အတွက် အားပေးဆောင်ရွက်ရန်လိုအပ်သဖြင့် ပေါင်းစပ်ညှိနှိုင်းကြရမည်ဖြစ် ကြောင်းနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပုဂ္ဂလိကစီးပွားရေးအသင်းအဖွဲ့များတွေ့ဆုံပွဲတွင် ပုဂ္ဂလိကကဏ္ဍမှ တင်ပြချက်များအပေါ် အသေးစိတ်ထပ်မံတင်ပြခြင်းနှင့်ထပ်မံဖြည့်စွက် တင်ပြလိုသည်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ ကြုံတွေ့နေရသည့် အခြေအနေများကိုလည်းကောင်းတင်ပြခဲ့ရာ ကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများ၊ ဌာနဆိုင်ရတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)