တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အားကောင်းပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် အကျိုးရှိသည့်ရလဒ်များ ထွက်ပေါ်လာစေရန် ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အားကောင်းပြီး နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် အကျိုးရှိသည့်ရလဒ်များ ထွက်ပေါ်လာစေရန် ဆွေးနွေး







MNP ၊ ဇူလိုင် ၂၈

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် တက်ဟုန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်သည့် စီးပွားရေးကိုယ်စားလှယ် (၂၆) ဦးတို့သည် UMFCCI တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အားကောင်းပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုသည် နယ်စပ်တံခါးပေါက်များမှ အားပြုဆောင်ရွက်လျက်ရှိပြီး နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ကုန်သွယ်မှုဖြစ်ပေါ်လာစေရေး ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ ယနေ့တွေ့ဆုံမှုမှ အကျိုးရှိသည့်ရလဒ်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။ 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wei Gang က တက်ဟုန်းပြည်နယ်ခွဲအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်များမှ လယ်ယာသားငါးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ စားနပ်ရိက္ခာဖူလုံရေး၊ ဈေးနှုန်းတည်ငြိမ်ရေး၊ ဘဏ်လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော်လုပ်ငန်းများတွင် Logistics ကဏ္ဍ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ သစ်သီးဝလံများကုန်သွယ်မှု ပိုမိုတိုးချဲ့ခွင့်ပြုနိုင်ရေး စသည်တို့နှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ UMFCCI မှ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဒေါက်တာမျိုးသက်၊ ဦးရဲမင်းအောင်၊ ဘဏ္ဍာရေးမှူး ဦးလှဦး၊ တွဲဖက်အကျိုးဆောင်စာရင်းစစ် ဦးအောင်ကြည်စိုးနှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ဘဏ်များအသင်းဥက္ကဋ္ဌ၊ ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)