MNP ၊ ဇူလိုင် ၁၁
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၅၆)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးမတိုင်မီ ၁၀-၇-၂၀၂၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ မြန်မာအဆင့်မြင့်အရာရှိကြီး ကိုယ်စား ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေး၌ အာဆီယံဆိုင်ရာ အင်ဒိုနီးရှားအဆင့်မြင့်အရာရှိကြီး H.E. Sidharto Reza Suryodipuro က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ ထို့ပြင် အစည်းအဝေးသို့ တီမောလက်စတေ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့လည်း လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေး၌ ၂၀၂၃ ခုနှစ် အာဆီယံအလှည်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ ဦးစားပေးအစီအစဉ်များ၊ အာဆီယံ၏စွမ်းဆောင်ရည်နှင့် အဖွဲ့အစည်းဆိုင်ရာ ထိရောက်မှုရှိရေး ဆိုင်ရာ အကြံပြုချက်များ၊ (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ထုတ်ပြန်မည့် ကြေညာချက်များ၊ အင်ဒို-ပစိဖိတ်ဆိုင်ရာ အာဆီယံမျှော်မှန်းချက် (AOIP) အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စရပ်များ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) သို့ အာဆီယံပြင်ပနိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးရေး လျှောက်ထားသည့် ကိစ္စရပ်များ၊ အာဆီယံပြင်ပဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယင်းနေ့၊ ညနေပိုင်းတွင် ကျင်းပသည့် အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုံ (SEANWFZ) ကော်မရှင် အမှုဆောင်ကော်မတီအစည်းအဝေးနှင့် (၅၆)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင်ထုတ်ပြန်မည့် ပူးတွဲကြေညာချက်(မူကြမ်း) ရေးဆွဲညှိနှိုင်းရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာအေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
#MyanmarNationalPost



No comments:
Post a Comment