ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးပင်စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးပင်စည်ကားလျက်ရှိ





MNP ၊ သြဂုတ်  ၁

ယနေ့ ( ၂၀၂၃-ခုနှစ် ဩဂုတ်လ (၁)ရက်နေ့ )တွင် ကျရောက်သည့် မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် ဝါဆို လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူသူများအပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီး၊ အမွှေး နံ့သာများ ဆက်ကပ်လှူဒါန်း၍ ကုသိုလ်ကောင်းမှုပြုသူများ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူများ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းကြသူများနှင့် ရန်ကုန်မြို့အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။


“ ဝါဆိုလပြည့်နေ့ဟာ ကျွန်မတို့ဗုဒ္ဓဘာသာဝင်တွေအတွက် တစ်ခြားသော နေ့ထူးနေ့မြတ်တွေထက် ပိုပြီး ထူးခြားလှတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဝါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာ ဘုရားရှင်ဟာ ဘုရားအဖြစ်ကို ရတော်မူပြီး ပဉ္စဝဂ္ဂီငါးဦးအား ပထမဆုံး ဓမ္မစကြာတရားဦးဟောကြားတဲ့ နေ့တစ်နေ့ ဖြစ်လို့ပါပဲ။ အဲဒါကြောင့် ဒီနေ့လို ထူးခြားလှတဲ့ ဝါဆိုလပြည့်နေ့မှာ အလုပ်ကလည်း ပိတ်ထားတော့ ဘုရားမှာ ကုသိုလ် ကောင်းမှုတွေပြုလုပ်ရင်း ဒီတစ်နေ့တာကို ဖြတ်သန်းချင်ပါတယ် ” ဟု ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကုသိုလ်ယူသူတစ်ဦးက ဆိုသည်။


ဝါဆိုလပြည့်နေ့သည် ‌ဂေါတမဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေ တည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမိတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော် မူသောနေ့၊ ‌ဂေါတမဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဓမ္မစကြာတရားဦး ဒေဿနာတော်ကို ပဉ္စဝဂ္ဂီ ငါးဦးတို့အား မိဂဒါဝုန်တော၌ ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင်ခြေရင်း၌ တိတ္ထိတို့ကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာပြတော်မူသောနေ့၊ တရားရတနာစတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာစတင်ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့နှင့် ဧဟိဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ ထိုသို့သော ထူးခြားသည့် ဂုဏ်အင်များနှင့်ပြည့်စုံသော နေ့တစ်နေ့ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များက ယနေ့ထိတိုင် အထွတ်အမြတ်ထားလျက်ရှိကြောင်း၊ အဆိုပါ ဝါဆိုလပြည့်နေ့တွင် ပဉ္စဝဂ္ဂီ ငါးဦးတို့အား မိဂဒါဝုန်တော၌ ဟောကြား တော်မူသော ဓမ္မစကြာတရားဦး ဒေဿနာတော်သည် သစ္စာလေးပါးနှင့် မဂ္ဂင်ရှစ်ပါးတို့ကိုလည်းကောင်း၊ အစွန်းတရား နှစ်ပါးတို့ကိုလည်းကောင်း ပြဆိုထားပြီး ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်လည်း ဖြစ်ကြောင်း သိရသည်။


မြန်မာသက္ကရာဇ် ၁၃၈၅-ခုနှစ် ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့)တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူဖူး‌မြော်ကြည်ညိုနိုင်ရေးအတွက် နံနက်(၅)နာရီမှ ည(၈)နာရီခွဲအချိန်အထိ ဖွင့်လှစ်ပေးထားပြီး စနေ၊ တနင်္ဂနွေ နှင့် နေ့ထူးနေ့မြတ် ကျန်အစိုးရ ရုံးပိတ်ရက်များ၌လည်း အဆိုပါအချိန်အတိုင်း ဖွင့်လှစ်ပေးထားရာ မည်သူမဆို စိတ်အေးချမ်းသာစွာ လာရောက် ဖူးမြော်၍ ကုသိုလ်ယူနိုင်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost 




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)