(၄၄) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၄) ကြိမ်မြောက် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ပါဝင်တက်ရောက်


MNP ၊ ဩဂုတ် ၂

(၄၄) ကြိမ်မြောက် အာဆီယံစီးပွား ရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (44th Meeting of the High-level Task Force on ASEAN Economic Integration - HLTF-EI) အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ လန်ဘုတ်ကျွန်းတွင် ဇူလိုင် ၂၉ မှ ၃၁ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက် ရေးဆွဲမှုတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းအနေဖြင့် ထည့်သွင်းလိုသည့်ကိစ္စရပ်များ၊ အသစ်ထွက်ပေါ်လာသည့် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာကိစ္စရပ်များ၊ အင်ဒိုနီးရှားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူစဉ် ၂၀၂၃ ခုနှစ်အတွင်း ဦးစားပေး ဆောင်ရွက်ရန် သတ်မှတ်ခဲ့သည့် စီးပွားရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုးတက်မှုအခြေအနေ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း ပုံစံ ၂၀၂၅ အကောင်အထည်ဖော်မှုအပေါ် ဘက်စုံစောင့်ကြည့်လေ့လာရေး အကဲဖြတ်မှု၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် အာဆီယံဒေသဖြစ်လာစေရေး ကာဗွန်လျှော့ချရေးဆိုင်ရာ အာဆီယံ ဗျူဟာရေးဆွဲမှု၊ အာဆီယံဒေသတွင်း လျှပ်စစ်မော်တော်ယာဉ် (EV) အသုံးပြုမှု စနစ်နှင့် ဝန်းကျင်တစ်ရပ်ဖြစ်ပေါ်စေရေး၊ ဒေသတွင်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုအတွက် အာဆီယံအပြာရောင်စီးပွားရေးမူဘောင် (ASEAN Blue Economy Framework) ရေးဆွဲမှုနှင့် အာဆီယံ၏ ချုပ်ဆို ပြီးသော လွတ်လပ်သော ကုန်သွယ်မှုဒေသအသုံးပြုမှု ( Utilization of FTAs) အခြေအနေများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး၌ ကောင်းမွန်သော လုပ်ထုံးလုပ်နည်းဆိုင်ရာ အာဆီယံလုပ်ငန်းစဉ်များ အကောင် အထည်ဖော်မှု၊ စတုတ္ထစက်မှုအသွင်ကူးပြောင်းမှုဆိုင်ရာ အာဆီယံမဟာဗျူဟာကို အကောင် အထည်ဖော်မှု၊ အာဆီယံဒစ်ဂျစ် တယ်စီးပွားရေး ပေါင်းစည်းမှု ဆိုင်ရာ ဘမ်ဂါဆီရီ ဘီဂါဝမ် လမ်းပြမြေပုံ အကောင်အထည် ဖော်မှုတို့ကို မှတ်တမ်းတင်ခဲ့ပြီး ဩဂုတ်လတွင် ကျင်းပမည့် အာဆီယံ စီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် စက်တင်ဘာလတွင်ကျင်းပမည့် အာဆီယံစီးပွား ရေး အသိုက်အဝန်းကောင်စီသို့ တင်ပြမည့်အကြံပြုချက်များကိုလည်း ညှိနှိုင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ အင်ဒိုနီးရှား နိုင်ငံ၊ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဒုတိယဝန်ကြီး H.E. Edi Prio Pambudi က သဘာပတိ အဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အာဆီယံ စီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်း အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယ အတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ယခု အစည်းအဝေးတွင် အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးသဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံမှ လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံသို့ လွှဲပြောင်းခဲ့ပြီး လာမည့်(၄၅)ကြိမ်မြောက် အစည်းအဝေးမှစတင်၍ လာအိုနိုင်ငံမှ သဘာပတိအိမ်ရှင်နိုင်ငံ အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

အာဆီယံစီးပွားရေး ပေါင်းစည်း မှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ အစည်းအဝေးကို တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပ၍ အာဆီယံ စီးပွားရေး အသိုက်အဝန်း၏ အကြံပေးအဖွဲ့ (Think Tank) အနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း၏ ရှေ့လုပ်ငန်းစဉ်များ၊ အကြံပြုချက်နှင့် ထောက်ခံ တင်ပြချက်များကို ဆွေးနွေး ညှိနှိုင်းဆောင်ရွက်သည့်အဖွဲ့ ဖြစ်ကြောင်းသိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)