Pages

Pages

မင်းလှမြို့တွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူအသိပညာပေး‌ ဆွေးနွေးပွဲပြုလုပ်



MNP ၊  ဩဂုတ်  ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနတို့ပူး‌ပေါင်း၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူအသိပညာပေး‌ဆွေးနွေးပွဲကို ဩဂုတ် ၁၇ ရက်က လက်ဆက်အုပ်စု၊ လက်ဆက်ကျေးရွာနှင့် သရော(အမ်)အုပ်စု၊ သစ်တူးအိုင်‌ကျေးရွာ တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်း ရရှိစေရန် ကောင်းမျိုးသန့်များကို ရွေးချယ်အသုံးပြုကြရန်၊ စိုက်ပျိုးနည်းစနစ်များကို ပြောင်းလဲအသုံးပြုကြရန် ဆွေးနွေးပြောကြားသည်။


မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းအောင်က သီးနှံများစိုက်ပျိုးရာတွင် မြေဆီလွှာကောင်းမွန်စွာရရှိစေရေး မြေယာပြုပြင်ခြင်းများကိုပြုလုပ်ကြရန်၊ (၃)သီးစိုက်ပျိုးမည့်သူ များကို မျိုးကောင်းရွေးချယ်မှုမှန်ကန်ရေးနှင့် အချိန်ကိုက်စိုက်ပျိုးနိုင်ရေး၊ စပါးစိုက်ပျိုးရာတွင် ကြဲခင်းအစား ကောက်စိုက်စက်နှင့် မျိုးစေ့ချကိရိယာတို့ဖြင့် စိုက်ပျိုးကြရန်‌နှင့် ဗီယက်နမ်ထုတ် တစ်ပိုင်တစ်နိုင်ကောက်စိုက်စက်အသုံးပြု စိုက်ပျိုးခြင်းကြောင့် စိုက်ပျိုးမှုကုန်ကျစရိတ်သက်သာပြီး ရရှိနိုင်‌သောအကျိုးကျေးဇူး ဗီဒီယိုမှတ်တမ်းများကို ပြသပေးခဲ့သည်။


ထို့နောက် ဒေသခံတောင်သူများက စိုက်ပျိုးရေးနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က ဆွေးနွေးဖြေကြားခဲ့ပြီး အဆိုပါတောင်သူအသိပညာပေး‌ဆွေးနွေးပွဲများကို အရှိန်ဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ပေါက်စ

https://t.me/MyanmarNationalPost



No comments:

Post a Comment