MNP ၊ ဩဂုတ် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ဓမ္မစကြာအခါတော်နေ့၌ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အကျဉ်းထောင်မှ ပြစ်ဒဏ်ကျ အကျဥ်းသား (၃၀)ဦးနှင့်အကျဉ်းသူ (၁)ဦး လွတ်မြောက်ငြိမ်းချမ်းသာခွင့်ရခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၅၁/၂၀၂၃)၊ သြဂုတ် ၁ ရက်နေ့၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ် ဒုတိယ ဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဥ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ (၇၇၄၉)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ "နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်" ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ရာ ဗန်းမော်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ (၃၁)ဦး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ အကျဉ်းသားအကျဉ်းသူ လွှတ်ပေးအပ်ပွဲ အခမ်းအနားကို သြဂုတ် ၁ ရက် နေ့လည် ၂ နာရီက ဗန်းမော်အကျဥ်းထောင်ခန်းမ၌ ပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ အကျဉ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးအာကာ တို့တက်ရောက်ကာ ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment