မန္တလေး-ရန်ကုန်ခရီးစဉ်ပြေးဆွဲနေသော ကုန်တင်ရထားကို အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေး-ရန်ကုန်ခရီးစဉ်ပြေးဆွဲနေသော ကုန်တင်ရထားကို အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်





MNP ၊ ဩဂုတ် ၁၈

အကြမ်းဖက်သမားများက အများပြည်သူ အသုံးပြုလျက်ရှိသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်လျက်ရှိရာ ယနေ့တွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် စက်ခေါင်းအမှတ်၊ DF/2077 မန္တလေး-ရန်ကုန် ကုန်တင်ရထားအား ကညွတ်ကွင်းမြို့နှင့် တောကျွဲအင်းမြို့အကြား၌ မိုင်းထောင်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ဩဂုတ် ၁၇ ရက် ညနေ ၅ နာရီခန့်၌ ထွက်ခွာ လာသော စက်ခေါင်းအမှတ်၊ DF/2077 မန္တလေး-ရန်ကုန် ကုန်တင်ရထားသည် တောကျွဲအင်းမြို့၏ အနောက်မြောက်ဘက်မီတာ ၂၀၀၀ ခန့်အကွာ ရထားလမ်းကြေးနန်း မိုင်တိုင်အမှတ် ၁၂၀/ဝ၊ တံတားအမှတ်၊ ၁၇၉ နေရာသို့ ယနေ့ နံနက် ၇ နာရီ ၅၀ မိနစ်တွင် ဖြတ်သန်း မောင်းနှင်စဉ် အကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်း ၁ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် စက်ခေါင်း (၂)ခေါင်း၊ နားနေတွဲ(၁) တွဲနှင့် ကုန်တွဲ(၆)တွဲတို့သည် လမ်း၏ ညာဘက်သို့ လမ်းချော် ခြင်း၊ ရထားသံလမ်း ၁၅၀ ပေခန့် တွန့်လိမ်ပျက်စီးခြင်းနှင့် ဇလီဖားတုံးများ ကျိုးပဲ့ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။


ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် အဖွဲ့သည် နေ့လယ်ပိုင်းတွင် သွားရောက် စစ်ဆေးကာ လမ်းချော်ကျ၊ တိမ်းမှောက်သွားသော စက်ခေါင်းနှင့် ကုန်တွဲများအား အမြန်ဆုံး ပြန်လည်မတင်နိုင်ရေးနှင့် လမ်းပိုင်းအမြန်ပြုပြင်၍ ရထားများ ပုံမှန်ပြေးဆွဲနိုင်ရေးတို့အတွက် မြန်မာ့မီးရထားရုံးချုပ်မှ ဌာနအကြီးအကဲများကိုယ်တိုင် အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


နိုင်ငံတော်အနေဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးအတွက် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ အချိန်မှန်ပြေးဆွဲနိုင်ရေး အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက် လျက်ရှိသော်လည်း ပြေးဆွဲမှုနှောင့်နှေးကြန့်ကြာစေပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေရေး ယုတ်မာရက်စက်စွာ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှု ကျူးလွန်နေကြသည့် အကြမ်းဖက်အဖွဲ့များအား ဒေသခံပြည်သူတစ်ရပ်လုံးမှ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)