( ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၃)မှ ကောက်နှုတ်ချက်)
ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် တတိယအချက်ဖြစ်သည့် “စစ်မှန် စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်သွားမည်” ဆိုသည့်အချက်နှင့်ပတ်သက်ပြီး ဆောင်ရွက်မှုများကို ပြောကြား လိုပါကြောင်း၊ မိမိတို့သည်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ ပါတီစုံ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေခြင်းဖြစ်ပြီး တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမို ကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိပါကြောင်း၊ တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါတီစုံဒီမိုကရေစီစနစ်တို့ကို ယိမ်းယိုင် ပျက်စီး အောင်ပြုလုပ်လာသော မည်သည့်အပြုအမူမျိုးကိုမဆို ဥပဒေနှင့်အညီ ကာကွယ် တားဆီးသွားရမည်ပင် ဖြစ်ပါကြောင်း။
ဖြတ်သန်းခဲ့ရသည့်သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးကို တည်ဆောက်သွားရ မည်ဖြစ်ခြင်းကြောင့် လွှတ်တော်လမ်းကြောင်းကို မဖြစ်မနေသွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံရေးပါတီများ ပြင်ဆင်ဖွဲ့စည်းရန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ အားကောင်းစေရေး ပြည်သူလူထုနှင့် ဒေသကိုကိုယ်စားပြုသည့်၊ ခိုင်မာသည့် နိုင်ငံရေးပါတီများ ပေါ်ထွန်းလာစေရေးအတွက် ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်တည်ဆဲ နိုင်ငံရေးပါတီ ၉၀ အနက်မှ ပါတီဆက်လက်တည်ထောင်မှတ်ပုံတင်ခွင့်ကို ပါတီ ၅၀ က လာရောက်လျှောက်ထားခဲ့ပြီး ကျန်ပါတီ ၄၀ မှာ သတ်မှတ်ကာလအတွင်း လာရောက် လျှောက်ထားခြင်းမရှိပါကြောင်း၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ ယနေ့အထိ နိုင်ငံရေးပါတီအသစ် တည်ထောင်ခွင့် လျှောက်ထားလာသည့်ပါတီ ၁၃ ပါတီရှိပါကြောင်း၊ ၂၇-၇-၂၀၂၃ ရက်နေ့ထိ ယခင်ပါတီဟောင်း ၅၀ အနက်မှ နိုင်ငံရေး ပါတီ ၃၀ ပါတီနှင့် နိုင်ငံရေးပါတီအသစ် လျှောက်ထားသည့် ၁၃ ပါတီ အနက်မှ နိုင်ငံရေးပါတီ ၅ ပါတီ၊ စုစုပေါင်း ၃၅ ပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံရေးပါတီသစ်တစ်ရပ် တည်ထောင်လိုသူများအနေဖြင့် ပါတီတည်ထောင်ခွင့်ကို နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ ဆက်လက် လျှောက်ထားနိုင် သည်ကို ပြောကြားလိုပါကြောင်း၊ တည်ဆဲဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည် ခွင့်ရရှိခဲ့သည့်ပါတီများ၊ ပါတီသစ်အဖြစ် ပေါ်ထွက်လာသည့်ပါတီများမှာ ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ ကျန်ရှိနေသေးပါကြောင်း၊ ပါတီဟောင်းများအနေဖြင့် ပါတီဝင်အသစ်များ ပါရှိလာသည်ရှိသကဲ့သို့ ပါတီသစ်များအနေဖြင့်လည်း ပါတီများ ခိုင်မာတည်တံ့ရေးအပါအဝင် ပါတီ၏မူဝါဒများကို ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပါတီဝင်များရရှိရေး၊ ထောက်ခံမှု တိုးတက်လာစေရေး စသည်များအတွက် စည်းရုံးလှုံ့ဆော်ခြင်းများကို ဆောင်ရွက် သွားရဦးမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင်လည်းလွတ်လပ်မှု၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများမရှိဘဲ အကြောက်တရားကင်းစွာဖြင့် စည်းရုံးရေး ဆောင်ရွက်နိုင်မှု စသည့်အခင်းအကျင်းများ ဖြစ်ပေါ်လာစေရန် မိမိတို့အစိုးရအနေဖြင့် ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း၊ ထိုကဲ့သို့အခင်းအကျင်းနှင့် ပါတီများ၏ လိုအပ်သည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်စေရန်အတွက် အစိုးရအနေဖြင့် အချိန်ကာလတစ်ခုအထိ လိုအပ်နေဦးမည်လည်း ဖြစ်ပါကြောင်း။
#MyanmarNationalPost

No comments:
Post a Comment