( ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၃)မှ ကောက်နှုတ်ချက်)
အကြမ်းဖက်သမားများ၏ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက် အဦများကို အကြမ်းဖက်တိုက်ခိုက်ခဲ့မှုများကိုလည်း ထည့်သွင်းဆွေးနွေးလိုပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် KNPP နှင့် PDF အမည်ခံအကြမ်းဖက် သမားများက ရန်ကုန်-နေပြည်တော်-လွိုင်ကော် ခရီးစဉ်ပြေးဆွဲနေသည့် မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA) မှ ခရီးသည်တင်လေယာဉ်ကို လွိုင်ကော်လေဆိပ် အဆင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါကြောင်း၊
၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပဲနွယ်ကုန်း-နတ်သံကွင်း-ကျောက်ကြီး ကားလမ်းပေါ်မှာ တည်ဆောက်ထားသည့် စစ်တောင်းမြစ်ကူးတံတား(နတ်သံကွင်း)ကို မိုင်းထောင် ဖောက်ခွဲခဲ့ပါကြောင်း၊
ထို့ပြင် ဇွန် ၂၉ ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ ကျုံအိတ်တံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ပါကြောင်း၊
ဖြစ်စဉ်ကို သွားရောက်စစ်ဆေးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်း၊ တံတားပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လုပ်သားများကို ပစ်ခတ်တိုက်ခိုက်ခြင်း စသည်များကို လုပ်ဆောင်ခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့၊ ဝန်ထမ်းအချို့နှင့် အပြစ်မဲ့ ပြည်သူများ သေကြေဒဏ်ရာရရှိမှုဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ပါကြောင်း၊
ထို့ပြင် ဇူလိုင် ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျောက်တံခါး ဘူတာနှင့် ပဲနွယ်ကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၁၀၉/၂၀ -၂၁) အနီးရှိ ရထား သံလမ်းကို ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့်အတွက် ရထားခရီးစဉ်များ ကိုဖျက်သိမ်း ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရပါကြောင်း၊
၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ဘူတာနှင့် စဉ့်ကိုင်ဘူတာ ကြား ရထားလမ်းပိုင်းပေါ်ရှိ ရထားသံလမ်းဆက်ပြားများနှင့် သံလမ်း ဆက်မူလီများကို အကြမ်းဖက်အဖျက်သမားများက ဖြုတ်ယူဖျက်ဆီးခဲ့ခြင်းကြောင့် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ပါကြောင်း၊
ခရီးသွားပြည်သူလူထု အသက်ဆုံးရှုံး ထိခိုက် ဒဏ်ရာရရှိစေရေး အသိဉာဏ်မဲ့စွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊
၂၀၂၃ ခုနှစ်၊ မတ် ၉ ရက်တွင် ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအနီးရှိ သဘာဝဓာတ်ငွေ့ပိုက် လိုင်းကို PDF အမည်ခံအကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှု တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်တွင် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်အနီးရှိ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှု တစ်ကြိမ်ဖြစ်ပွားခဲ့ပါကြောင်း၊
အကြမ်းဖက်သမားများသည် အများပြည်သူ၏ ကူးသန်းရောင်းဝယ်မှုနှင့် နေ့စဉ်လူမှု ဘဝအတွက် အသုံးပြုနေရသည့် လမ်းတံတားများနှင့် ရထားလမ်းဖောက်ခွဲဖျက်ဆီးမှု စုစုပေါင်း ၉၄ ကြိမ် လုပ်ဆောင်ခဲ့ပါကြောင်း၊
ထိုသို့လုပ်ဆောင်မှုများသည် အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို တိုက်ရိုက်တိုက်ခိုက်ခြင်းဖြစ်ပြီး ပြည်သူတစ်ရပ်လုံးအပေါ်အကြမ်း ဖက်မှုကျူးလွန်ခြင်းပင် ဖြစ်ပါကြောင်း၊
အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ် ရပ်များအပေါ် ပြည်သူလူထုအနေဖြင့် စိုးရိမ်ထိတ်လန့်ပူပန်မှုများ၊ ရွံရှာစက်ဆုပ်မှုများ ဖြစ်ပေါ်လျက်ရှိပြီး မိမိတို့၏ လူမှုစီးပွားဘဝထိခိုက်လာမှုကို မလိုလားသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီးလျှို့ဝှက်စွာပူးပေါင်း၊ သတင်းပေးပို့မှုများကြောင့် အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးရရှိမှု ပိုမိုများပြားလာပြီး လက်လုပ် သေနတ်များအပါအဝင် လက်နက်မျိုးစုံ ၁,၀၈၈ လက်၊ ကျည်မျိုးစုံ ၇၇,၅၇၉ တောင့်၊ ခဲယမ်းမျိုးစုံ ၂,၆၆၀ လုံး သိမ်းဆည်းရမိခဲ့ပါကြောင်း၊
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့အထိ လက်နက်မျိုးစုံ ၁၈,၇၉၂ လက်၊ ကျည်မျိုးစုံ ၁,၄၂၃,၂၂၄ တောင့်၊ ခဲယမ်းမျိုးစုံ ၄၅,၈၆၅ လုံး သိမ်းဆည်းရမိခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့် ပြည်သူတို့၏လူမှု စီးပွားဘဝ လုံခြုံမှုကို ပြည်ထောင်စုတစ်ဝန်းလုံး ရရှိခံစား နိုင်စေရန်၊ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ဟန်ချက်ညီရရှိနိုင်စေရန် အတွက် လိုအပ်သည့်နယ်မြေများအလိုက် စစ်ဆင်ရေးနယ်မြေများ သတ်မှတ်ခြင်း၊ စစ်အုပ်ချုပ်ရေးနယ်မြေများ ကြေညာခြင်း စသည်များကို တည်ဆဲတရားဥပဒေများနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊
မိမိတင်ပြခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်းများသေကြေမှုသည် ပြည်သူကိုအညှာအတာ ကင်းမဲ့စွာ၊ လူသားမပီသစွာ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်ခြင်းဖြစ် သကဲ့သို့ ဖျက်ဆီးမှုများသည်လည်း တိုင်းပြည်၏ ဖွံ့ဖြိုးမှုနှင့်လူမှုစီးပွား ပျက်စီးအောင် ဆောင်ရွက်မှုများဖြစ်သဖြင့် ဆုံးရှုံးမှုသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထပ်ဆင့်ကုန်ကြမှုများ ဖြစ်ပေါ်စေခဲ့ ပါကြောင်း၊
ဆိုးဝါးသော တိုင်းပြည်ဖျက်လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းဆန့်ကျင်ကြရန်လည်းလို ပါကြောင်း၊ လိုအပ်သည့် စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးကိစ္စများကို ထိထိရောက်ရောက် ဆက်လက်လုပ်ဆောင်ပြီး ရှေ့လုပ်ငန်းစဉ်အောင်မြင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရဦးမည် ဖြစ်ပါကြောင်း။
#MyanmarNationalPost

No comments:
Post a Comment