(၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့












နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများကို နေပြည်တော်၊ ရန်ကုန်၊ ပုဂံ၊ ပွင့်ဖြူ၊ မင်းဘူး၊ နမ့်စန်မြို့နယ်တွေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသလို အခြားသော မြို့နယ်တွေမှာလည်း နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများ အကျဉ်းနည်းနဲ့ ကျင်းပခဲ့ကြတာကို တွေ့ရပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ အခမ်းအနားကိုတော့ နေပြည်တော် (၈)မြို့နယ်နှင့် အေလာ-သာဝတ္ထိတိုက်နယ် မဘသဆရာတော်များက ဦးဆောင်ပြီး ထူးထူးခြား ကျင်းပခဲ့ပါတယ်။

(၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အခမ်းအနားကို နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီးမှာ အခမ်းအနားကျင်းပပြီး နေပြည်တော်ဘုရားကြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အထိ လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

ရှေးဟောင်းကျောင်းတော်ကြီးအတွင်း ကျင်းပတဲ့အခမ်းအနားမှာ ဇယန္တောအောင်ဂါဌာကို ရွတ်ဖတ်ပူဇော်ပြီး သာသနာ့အလံလွှင့်ထူခဲ့ကြပါတယ်။ ရွှေအင်တောင်ဆရာတော်နဲ့ ရှေးဟောင်းကျောင်းတော်ကြီး ဆရာတော်တို့က ရတနာရွှေမိုးငွေမိုး ကျဲခဲ့ပါတယ်။ ပြီးတဲ့အခါမှာ နိုင်ငံတော်ဘာသာနေ့ တေးသီချင်းဖြင့် တေးသံရှင် ကိုငြိမ်းချမ်း၊ ကိုလင်းထိုက် တို့က သီဆိုဖျော်ဖြေကြပါတယ်။

ဆက်လက်ပြီး သက်တော်ရှည်သာယာကုန်းဆရာတော်ကြီးထံမှ ၈ ပါး သီလခံယူပြီး နိုင်ငံတော်ဘာသာနေ့ အဖွင့်သြဝါဒကို တပ်ကုန်းမြို့နယ်၊ ရှောက်ကုန်းဆရာတော်ကြီးမှ မိန့်ကြားခဲ့ပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်သြဝါဒစရိယ၊ အင်းစိန်ရွာမ ဆရာတော်ကြီး ရဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ ရှေးဟောင်းကျောင်းတော်ကြီးအတွင်း ကျင်းပတဲ့ အခမ်းအနားကို ရွှေအင်တောင်ဆရာတော်ရဲ့ အပိတ်သြဝါနဲ့ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး ပိတ်သိမ်းခဲ့ပါတယ်။

ဆက်လက်ပြီး လှည့်လည်ပူဇော်ခြင်းအခမ်းအနားကို မြတ်စွာဘုရားကို ပင့်ဆောင်လာသော အလှပြယာဉ် ဆရာတော်ကြီးများ၏ ယာဉ်တန်း၊ ဖျော်ဖြေရေးယာဉ်၊ ဝတ်အသင်းများယာဉ်တန်း၊ ဧည့်ပရိတ်သတ်ယာဉ်တန်းနဲ့ ရှေးဟောင်းကျောင်းတော်ကြီး ကနေ နေပြည်တော်ဘုရားကြီးအထိ လယ်ဝေးမြို့နယ်အတွင်းမှ ကျေးရွာများကို လှည့်လည်ကာ လည်ဝေးမြို့တွင်း၊ ထိုမှ Junction လမ်းဆုံအထိ၊ ဆက်လက်ပြီး ဘုရားကြီး မုခ်ဦးအထိ လှည့်လည်ပြီး ဗုဒ္ဓဥယာဉ်တော်အတွင်းကို အလံကိုင်အဖွဲ့က ဦးဆောင်ပြီး ဆရာတော်သံဃာတော်များ၊ လူပရိတ်သတ်များ က စနစ်တကျ တန်းစီဝင်ရောက်ပူဇော်ခဲ့ကြပါတယ်။ 

နေပြည်တော်ဘုရားကြီးမှာ ဆရာတော်သံဃာတော်များက ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်း၊ မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ရွှေရတုတိပိဋကဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ ရဲ့ သဝဏ်လွှာ။ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ-မစိုးရိမ်)၏ သဝဏ်လွှာနှင့် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ သဝဏ်လွှာတို့ကို ဖတ်ကြားတင်ပြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ (၆၂)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့အခမ်းအနားဟာ နေ့လည်(၁ ၀၀)နာရီက စတင်ခဲ့ပြီး ကျောင်းတွင်းအခမ်းအနား၊ လှည့်လည်ပူဇော်ခြင်းအခမ်းအနား၊ နေပြည်တော်ဘုရားကြီးတွင် ကျင်းပသည့်အခမ်းအနား အပိုင်း(၃)ပိုင်း ခွဲခြားပြီး ကျင်းပခဲ့ရာမှာ ည(၈ ၀၀)နာရီ ဝန်းကျင်မှ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)