ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စီမံကိန်းစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သင်တန်းသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စီမံကိန်းစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် သင်တန်းသို့ တက်ရောက်အမှာစကားပြောကြား


MNP ၊ စက်တင်ဘာ ၂၈

စီမံကိန်းစီမံခန့်ခွဲမှု (Project Man-agement)နှင့် ပတ်သက်သည့် သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှာစကားပြောကြားခဲ့သည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာနအနေဖြင့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့် အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင်ဦးစီးဌာန၊ လုပ်ငန်းများတွင်ဘဏ္ဍာ နှစ်အလိုက်ရရှိသည့် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အရာထမ်းကြီးများအနေဖြင့် လုပ်ငန်းစီမံကိန်းကြီးများ၊ လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ပိုမိုနားလည် တတ်ကျွမ်းစေရန်နှင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်နှင့်အညီ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းစီမံကိန်းစီမံခန့်ခွဲမှု (Pro-ject Management) ဘာသာရပ်သင်တန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းစီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယနေ့သင်တန်းသို့ တက်ရောက်လာကြသည့် အရာရှိကြီးများ ရှင်းလင်းဆွေးနွေးပို့ချမှုများကို စိတ်ဝင်စားစွာဖြင့် နာယူမှတ်သားကြရန်နှင့် မရှင်းလင်းသည့်အချက်၊ သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲ ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းစီမံခန့်ခွဲမှု၏ သဘောတရားများ၊ လိုက်နာရမည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဘတ်ဂျက်လျာထားတောင်းခံမှု၊ သုံးစွဲမှု၊ လွှဲပြောင်းသုံးစွဲမှုနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စီမံကိန်းတန်ဖိုးပြောင်းလဲရာတွင် လိုက်နာရမည့် အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက မရှင်းလင်းသည့် အချက်များနှင့် သိရှိလိုသည်များကို မေးမြန်းရာ ညွှန်ကြားရေးမှူးချုပ်က တစ်ဦး ချင်းစီ၏မေးမြန်းမှုများကို အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်သည်။ ထို့ပြင် စက်မှုဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ စက်ရုံမှူး၊ ဒုတိယစက်ရုံမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ဦးစီးဌာနမှူးများနှင့် စက်မှုသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများသည် Vir-tual စနစ်ဖြင့် သတ်မှတ်နေရာ အသီးသီးမှ တက်ရောက်ခဲ့ကြောင်း သိရသည်။   


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)