ကျောက်ဖြူမြို့၌ ရခိုင်ဒေသထွက်ကုန်များကို အွန်လိုင်းမှတဆင့် ရောင်းချနေသည့် “သန္တာမြေ” ရခိုင်ထွက်ကုန်လုပ်ငန်း ရောင်းအားကောင်း၍ အဆင်ပြေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ရခိုင်ဒေသထွက်ကုန်များကို အွန်လိုင်းမှတဆင့် ရောင်းချနေသည့် “သန္တာမြေ” ရခိုင်ထွက်ကုန်လုပ်ငန်း ရောင်းအားကောင်း၍ အဆင်ပြေ





MNP ၊  စက်တင်ဘာ  ၃၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ရခိုင်ဒေသထွက်ကုန်များကို အွန်လိုင်းမှတဆင့် ရောင်းချနေသည့် “သန္တာမြေ” ရခိုင်ထွက်ကုန်လုပ်ငန်းမှာ ရောင်းအားကောင်း၍ အဆင်ပြေကြောင်း အဆိုပါထွက်ကုန်လုပ်ငန်းကို လုပ်ကိုင်နေသည့် လုပ်ငန်းရှင် လူငယ် ကိုငြိမ်းချမ်းကျော်ထံမှ သိရသည်။


“ဒီလုပ်ငန်းကို စလုပ်ဖို့ စဉ်းစားခဲ့တာကတော့ ငါးမုန့်ပေါ့၊ ကျောက်ဖြူကထွက်တဲ့ ငါးမုန့်ကလည်း ရခိုင်ပြည်မှာ အကောင်းဆုံးဖြစ်တယ်ဆိုတော့ ငါးမုန့်ကို ဖြန့်ချီရာကနေ ပုဇွန်ခြောက်တွေ၊ ငါးခြောက် တွေ ဖြန့်ဖို့ စဉ်းစားခဲ့တယ်၊ ရမ္မာဝတီ ရမ်းဗြဲကျွန်းဒေသတဝိုက်ကထွက်တဲ့ ရေလုပ်ငန်းတွေကို မြန်မာတစ်နိုင်ငံလုံးကို တွင်တွင်ကျယ်ဖြန့်မယ်ဆိုပြီးတော့ လုပ်ခဲ့တာပါ၊ ပြီးတော့ ရခိုင်ဒေသမှာ အွန်လိုင်းကတဆင့် တွင်တွင်ကျယ်ကျယ် ရောင်းချတာတွေ မတွေ့ရသေးဘူး၊ စပြီးရောင်းချကြည့်တော့ မြန်မာနိုင်ငံအနှံ့က ဝယ်ယူသူတွေရှိကြပါတယ်၊ ရောင်းအားလည်းကောင်းတယ်လို့ ပြောရမှာပါခင်ဗျ”ဟု ၎င်းကပြောသည်။


ရခိုင်ပြည်နယ်တွင် ဆိုရှယ်မီဒီယာ အွန်လိုင်းကိုအသုံးပြု၍ တွင်တွင်ကျယ်ကျယ် ရောင်းချနေသူများ သိပ်မရှိသေးကြောင်း၊ ဘရင်းတစ်ခုအနေဖြင့် ရှေ့ဆောင်လမ်းပြအဖြစ် လုပ်ချင်ကြောင်း၊ လူတိုင်း အွန်လိုင်းပလက်ဖောင်းပေါ်တွင်ရှိနေသဖြင့် ကောင်းကောင်းအသုံးချနိုင်လျှင် အချိန်တိုအတွင်းတွင် အောင်မြင်နိုင်ကြောင်း ဆက်လက်ပြောသည်။


“အဓိကတော့ ဒီလုပ်ငန်းတွေက မြို့ပေါ်မှာ လူတိုင်းလည်း လုပ်နေကြတယ်ဆိုပေမယ့် ကျွန်တော် အမြင်နဲ့က သိပ်ပြီးတော့တွင်ကျယ်နေတာမျိုး မရှိတာကျတော့ ဆိုရှယ်မီဒီယာမှာ လိုနေတယ်လို့မြင်တယ်၊ ကျွန်တော်က ဒီလုပ်ငန်းကို စလုပ်ခဲ့တာလည်း လိုင်းပေါ်မှာ သေသေချာမလုပ်ဘဲ ဈေးရောင်းနေကြတာမြင်တော့ ဘရင်းတစ်ခုအနေနဲ့ ရှေ့ဆောင်လမ်းပြအဖြစ် သေသေချာချာလုပ်ချင်တယ်၊ MSME လုပ်နေတဲ့လူတွေအကုန်လုံး Marketing ကောင်းကောင်းလေးလုပ်စေချင်တယ်၊ အဲ့လိုလုပ်တဲ့အခါမှာ ပိုပြီးတော့ လူသိများလာမယ်၊ ပိုလို့တွင်ကျယ်သွားမယ်ပေါ့၊ လူတိုင်းက အွန်လိုင်းပလက်ဖောင်းပေါ်မှာ ရှိနေတာဆိုတော့ ဒါကိုကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် အကျိုးရှိမယ်လို့ မြင်ပါတယ်ခင်ဗျ” ပြောကြားသည်။


သန္တာမြေ ရခိုင်ထွက်ကုန်လုပ်ငန်းတွင် ထူးခြားမှုအနေဖြင့် ပလတ်စတစ်အိတ်တွေအစား သဘာဝ ကွမ်းဖက်ဘူးများကို အသုံးပြု၍ ထုတ်ပိုးထားရာ ပင်လယ်ထဲသို့ ပလတ်စတစ်အမှိုက်များရောက်ရှိမှု နည်းသွားမည်ဖြစ်ပြီး ဇီဝဂေဟစနစ်ကိုလည်း ထိန်းသိမ်းရာရောက်သောကြောင့် ဘယ်သူမှမပြောင်းလျှင်ပင် မိမိမှ အရင်စ၍ ပြောင်းလဲရမည်ဟုဟု သန္တာမြေရခိုင်ထုတ်ကုန်လုပ်ငန်းမှ သိရသည်။


“ကျွန်တော်တို့ ပထမတစ်လမှာ စရောင်းတုန်းက ပလတ်စတစ်အိတ်ခွံ ၄၀၀ ကျော်လောက်ထွက် သွားပါတယ်၊ ဒီတော့ ပလတ်စတစ်အသုံးပြုမှု လျော့ချဖို့အတွက် သဘာဝကွမ်းဖက်ဘူးတွေကို သုံးဖြစ်သွားတယ်၊ ရေထွက်လုပ်ငန်းဆိုတာက ပင်လယ်ကြီးကို အမှီပြုပြီးလုပ်ရတာဆိုတော့ ဒီပလတ်စတစ်တွေဟာ ပင်လယ်ထဲကိုပဲရောက်ပြီး ရေနေသတ္တဝါတွေ သေကြေတာတွေ၊ ငါးသယံဇာတဆုံးရှုံးတာတွေရှိတယ်၊ အဲ့ဒါကြောင့်မို့ ဘယ်သူမှမပြောင်းရင်တောင် ကိုယ်က အရင်စလို့ ပြောင်းမယ်ဆိုပြီး ကွမ်းဖက်ဘူးတွေနဲ့ယူမယ်ဆိုရင် ဈေးကိုလျော့ပေးတယ်၊ အဓိကကတော့ အကုန်လုံး ပလတ်စတစ်ကို လျော့သုံးစေချင်တယ်၊ ကျွန်တော်တစ်ဦးတစ်ယောက်တည်းမဟုတ်ဘဲ ဒေသတစ်ခုလုံးကလည်း လိုက်လုပ်စေချင်တယ်၊ အဲ့ဒါမှလည်း ရာသီဉတုပြောင်းလဲမှုတွေကိုလည်း လျော့ချနိုင်မယ်လို့ မြင်တယ် ခင်ဗျ”ဟုပြောသည်။


အဆိုပါ ရခိုင်ထွက်ကုန်လုပ်ငန်းတွင် ပုဇွန်ခြောက်၊ ငါးခြောက်၊ ငါးနီတူခြောက်နှင့် ငါးပိတို့ကို အဓိကထားဖြန့်ချီကြောင်း၊ ရခိုင်ပြည်နယ်မှ တိုက်ရိုက်သွင်းသော ပုဇွန်ခြောက်မှာ အရည်အသွေး ကောင်းပြီး လတ်လတ်ဆတ်ဆတ်ရှိကြောင်း၊ အချို/အငန် အမျိုးစုံအောင်ရသဖြင့် ပြည်တွင်းပြည်ပမှ ဝယ်လိုအားကောင်းကြောင်း၊ အရည်အသွေးကိုမြှင့်တင်ပြီး Export ကွာလတီအထိ လုပ်ချင်ကြောင်း၊ ရေထွက်ပစ္စည်းဆိုသည်မှာ နိုင်ငံတစ်ခုနှင့်တစ်ခု စားသောက်ကုန်ချင်း သက်ဆိုင်နေသဖြင့် တမူးဘက်မှ လမ်းပွင့်သွားလျှင် အိန္ဒိယဈေးကွက်ကို ဖြန့်ချီသွားမည်ဖြစ်ပြီး ကျောက်ဖြူသည် တရုတ်နိုင်ငံနှင့် အဓိက ချိတ်ဆက်နေသဖြင့် တရုတ်နှင့် အိန္ဒိယဈေးကွက်ကို ထိုးဖောက်ဖြန့်ချီသွားမည်ဟု စိတ်ကူးထားပါကြောင်း သန္တာမြေရခိုင်ထုတ်ကုန်လုပ်ငန်းမှ သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)