စစ်တွေမြို့ လောကာနန္ဒာဘုရားအတွင်းရှိ သာသနာ့ဗိမာန်၌ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့ လောကာနန္ဒာဘုရားအတွင်းရှိ သာသနာ့ဗိမာန်၌ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့ငွေများပေးအပ်



MNP ၊ စက်တင်ဘာ ၂၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာဘုရားအတွင်းရှိ သာသနာ့ဗိမာန်၌ကျင်းပသော ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း ဆောင်ရွက်ချက်များသည် လူမှုရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး လူသားစွမ်းအားစုများကို ပြုစုပျိုးထောင်ပေးနေခြင်းဖြစ်သည့်အတွက် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များ ထောက်ပံ့ရေးအစီအစဉ်အရ အကျိုးခံစားခွင့်ရှိသူ (၆၈၃၂၈) ဦးအတွက် ထောက်ပံ့ကြေး ငွေကျပ် (၂၈၉၇ ဒသမ ၅၂) သန်းနှင့် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၁၄၂၈၉) ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၄၂၈ ဒသမ ၆၇) သန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တည်ထောင်ခွင့်ပြုမိန့်ရ စေတနာ့ဝန်ထမ်းအဖွဲ့အစည်း (၃) ဖွဲ့သို့ထောက်ပံ့ငွေကျပ် (၄၆ဒ သမ ၈၁၅) သန်းကို မေတ္တာဥယျာဉ် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ထောက်ပံ့ပေးအပ်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များကို ထောက်ပံ့ငွေများလက်ရောက်ပေးအပ်သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် (၂၄) ကြိမ်မြောက် ရခိုင်ပြည်နယ်အဆင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ကြသည်။ ဦးစွာ (၂၄) ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ရခိုင်မင်္ဂလာစည်တော်တီးခတ်၍ ပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကပြဖျော်ဖြေကာ ဖွင့်လှစ်ပေးကြသည်။


ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းကအမှာစကားပြောကြားပြီး ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူ များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ပြိုင်ပွဲဝင်များက ''ရွှေဆုယူမည် ရခိုင်ပြည်'' တေးသီချင်း၊ ''ကိုယ့်ရပ်ဌာနေ'' သီချင်းဖြင့်လည်းကောင်း၊ မြိုတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကအဖွဲ့က ''ညီအစ်ကိုနောင်ရင်း'' ယိမ်းအကဖြင့်လည်းကောင်း သီဆိုကပြဖျော်ဖြေကြရာ ပြည်ထောင်စုဝန်ကြီးက ကပြသီဆိုဖျော်ဖြေကြသူများကို ဂုဏ်ပြုဆုငွေ များပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပသည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ပြိုင်ပွဲယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ဘိုးဘွားရိပ်သာ (စစ်တွေမြို့)သို့ သွားရောက်၍ သက်ကြီးဘိုးဘွားများကို ရင်းရင်းနှီးနှီးတွေ့ဆုံဂါရဝပြုပြီး အလှူငွေများနှင့် အင်အားဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းသည်။


ယင်းနောက် စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ဥဿလင်း ဘုန်းတော်ကြီးကျောင်း ယာယီနေရပ်စွန့်ခွာစုရပ်ရှိ အမျိုးသမီးများအား ရပ်ရွာအခြေပြု အဆင့်မြင့်စက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ စုရပ်နေသူများအား ခေါက်ဆွဲခြောက်နှင့်ဆပ်ပြာတောင့်များထောက်ပံ့ပေးအပ်ပြီး ဥဿလင်းကျောင်းတိုက် ဆရာတော်ထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ ဘောဒူပ IDP စခန်းနှင့် သက္ကယ်ပြင် IDP စခန်းများသို့သွားရောက်ပြီး စခန်းနေသူများနှင့်တွေ့ဆုံကာ ၎င်းတို့၏တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအတွက်ထောက်ပံ့ငွေများ၊ စခန်းနေသူများအတွက် ခေါက်ဆွဲခြောက်နှင့် ဆပ်ပြာတောင့်များ ထောက်ပံ့ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် MV Charity သင်္ဘောပေါ်မှ ကူညီထောက်ပံ့ရေးပစ္စည်းများ ဆိပ်ကမ်းသို့ ချနေမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)