စဉ့်ကူးမြို့ ရွှေကူကြီးစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့ ရွှေကူကြီးစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ






MNP ၊  စက်တင်ဘာ  ၁၄

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေကူကြီးစေတီတော်မြတ်ကြီးအား ရွှေထီးတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။ 


ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ မဟာရတနာပုံဂီတပူဇာအဖွဲ့မှ “ထူးမခြားနာ” အစချီသော ဗုဒ္ဓရောင်ခြည်တော်ဘွဲ့ သီးချင်းခံ့ သုံးပိုဒ်ဖြင့် သီဆိုပူဇော်ခဲ့သည်။ ထို့နောက် စဉ့်ကူးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဦးဝရသာမိ ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်ဒေသနာတော်များကို နာယူကြည်ညိုခဲ့ကြသည်။  


ထို့နောက် ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တို့အား ဘုရားဒါယိကာ ဒါယိကာမတို့က ရွှေကူကြီးစေတီတော်မြတ်ကြီးထံ လကျာ်ရစ် လှည့်လှည်ပူဇော်၍ ထီးနားဆောင်သို့ ပင့်ဆောင်ခဲ့ကြပြီး မင်္ဂလာအချိန်အခါသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ရွှေထီးတော်မြတ်၏ ပထမဘုံဆင့်မှစတင်ကာ ရွှေထီးတော်ဘုံအဆင့်ဆင့် တို့ကို အစီအစဉ်အတိုင်း တင်လှူပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ရွှေထီးတော်မြတ်၏ ပိန္နဲတိုင်တွင် ဗုဒ္ဓသာသနာ့အဘိဓဇအောင်လံတော်မြတ်ကို လွှင့်ထူခြင်းနှင့် ရွှေကြာသင်္ကန်းကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရွှေကူကြီးစေတီတော်မြတ်ကြီး၏ ရွှေထီးတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့သည်။ 


အဆိုပါ ရွှေထီးတော် တင်လှူပူဇော်ပွဲ အခမ်းအနားသို့ စဉ့်ကူးမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌ ဆရာတော် ဦးဝရသာမိ နှင့် ဆရာတော်များ၊ အမှတ် (၂) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီး ဇော်လတ်ဦး၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါကပအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment