MNP ၊ စက်တင်ဘာ ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့က ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ မြန်မာစာ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများနှင့် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီးပါက မြန်မာစာအဖွဲ့နှင့်ပူးပေါင်းကာ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်၊ ခေတ်ပေါ်ဝေါဟာရ အဘိဓာန်၊ မြန်မာနာမည် အင်္ဂလိပ်စာလုံးပေါင်းစနစ်၊ မြန်မာစာလုံး ပေါင်းသတ်ပုံ အလွယ်ခွဲခြား မှတ်သားနည်း၊ မြန်မာစကားသံ လေ့လာမှုပညာ စာအုပ်တို့ကို မြန်မာစာပညာရှင်များ၊ အင်္ဂလိပ်စာပညာရှင်များ စုစည်းအင်အားဖြင့် ပြုစုထုတ်ဝေနိုင်ရန် လိုအပ် နေသောကြောင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပါမောက္ခချုပ်များ၊ ဆရာကြီး ဆရာမကြီးများက အကြံပြုဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်ပညာရေးတက္ကသိုလ် စာကြည့်တိုက်သို့ရောက်ရှိပြီး စာကြည့်တိုက် အဆင့်မြှင့်တင်ထားရှိမှု၊ စာအုပ်များစနစ်တကျထားရှိမှု၊ စာအုပ်စာရင်းများ မျိုးတူစုအလိုက် ပြုစုထားရှိမှု၊ နိုင်ငံတကာတက္ကသိုလ် စာကြည့်တိုက်များနှင့် e-library စနစ် ချိတ်ဆက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment