ပွင့်ဖြူမြို့နယ်၌ ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်း ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်





MNP ၊  စက်တင်ဘာ  ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ကြင်ကြင်သန်းက လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးကိုးထင်းက ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ 


ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဇင်မာအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ တတိယနှစ်ကျောင်းသားမောင်ကျော်ဝဏ္ဏက "လူငယ်နှင့် နည်းပညာ" ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ဒုတိယနှစ်ကျောင်းသူ မခင်နီလာလွင်က "လူငယ်နှင့် ကျန်းမာရေး"ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ပထမနှစ်ကျောင်းသူ မဝင်းလဲ့လဲ့ထွေးက "လူငယ်နှင့် ယဉ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ ပထမနှစ်ကျောင်းသူ မအိဇင်ဖြိုးက "လူငယ်နှင့်ပညာရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပထမနှစ်ကျောင်းသား မောင်မင်းသန့်က "လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသူများ၏ သိရှိလိုသည့်မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။ စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများပါဝင်သော နံရံကပ်စာစောင်ပြသခြင်းနှင့် စာပေဖတ်ရှုနိုင်ရေး စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာကြသူများနှင့် ကျောင်းသားကျောင်းသူများက စိတ်ဝင်တစ်စား ကြည့်ရှုလေ့လာခဲ့ကြသည်။


အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကိုးထင်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  


ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ ၊ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ငှားရမ်းပြသခြင်း ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေးအစရှိသည့် အသိပညာပေး နံရံကပ်စာစောင်များ ပြုလုပ်ပြသခြင်းအစီအစဉ်များကို ပညာရေးဌာနအပါအဝင် သက်ဆိုင်ရာဌာနများ၊ ပွင့်သာမြေစာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့တို့နှင့်ပူးပေါင်းပြီး စီစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)