တရုတ်မြေရှားသတ္တုဈေး လ ၂၀ အတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်မြေရှားသတ္တုဈေး လ ၂၀ အတွင်း အမြင့်ဆုံးဈေးသို့ ရောက်ရှိ




MNP ၊ စက်တင်ဘာ ၈

တရုတ်နိုင်ငံ မြေရှားသတ္တုဈေးသည် လပေါင်း ၂၀ အတွင်း အမြင့်ဆုံးသို့ ခုန်တက်သွားသည်။ သုံးစွဲမှု အမြင့်ဆုံးရာသီမတိုင်မီ ကြိုတင်ဝယ်ယူ သိုလှောင်နေကြစဉ် တရုတ်နိုင်ငံအတွက် အဓိကထုတ်လုပ်သူ မြန်မာနိုင်ငံတွင် သတ္တုတူးဖော်မှု ရပ်ဆိုင်းထားခြင်းကြောင့် ယခုလို ဈေးခုန်တက်ခြင်း ဖြစ်သည်ဟု လေ့လာသူများက ပြောကြားသည်။

မြေရှားသတ္တုသုံးစွဲသူအချို့သည် တရုတ်နိုင်ငံတွင် စက်တင်ဘာလ ၂၉ - အောက်တိုဘာ ၆ အများပြည်သူ ရုံးပိတ်ရက်ရှည်အတွင်း အသုံးပြုရန်အတွက် ကုန်စည်များကို ဝယ်ယူသိုလှောင်နေကြသည်။    

 မြေရှားသတ္တု သုံးစွဲမှု များပြားသည့်လများဖြစ်သော စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ဝယ်လိုအား များပြားသဖြင့် ဈေးတက်လေ့ရှိသည်။

 မြေရှားသတ္တု ဒစ္စပိုစီယမ်အောက်ဆိုဒ် dysprosium oxide ဈေးနှုန်းသည် စက်တင်ဘာလ ၈ ရက်တွင် တစ်ကီလိုဂရမ် ယွမ် ၂,၆၁၀ ($356) အထိ မြင့်တက်ခဲ့သည်။ Shanghai Metals Market (SMM) မှ အချက်အလက်များအရ ၂၀၂၂ မေလနောက်ပိုင်း အမြင့်ဆုံးဈေး ဖြစ်သည်။

မြေရှားသတ္တု တာဘီယမ် အောက်ဆိုဒ် Terbium oxide ဈေးနှုန်းသည် တစ်ကီလိုဂရမ် ယွမ် ၈,၆၀၀ သို့ မြင့်တက်သွားသည်။ 

မြန်မာနိုင်ငံမှ မြေရှားသတ္တု ထွက်ရှိရာ ကချင်ပြည်နယ် ပန်းဝါဒေသတွင် မိုင်းတွင်းများ ယာယီပိတ်ထားသည်ဟု SMM က စက်တင်ဘာလ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။ 

မြေရှားသတ္တု စာရင်းဝင် သတ္တု ၁၇ မျိုး ရှိပြီး လူသုံးကုန်အီလက်ထရွန်းနစ်ပစ္စည်းများ၊ လျှပ်စစ်ကားများနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ထုတ်လုပ်ရာတွင် သုံးစွဲကြသည်။

တရုတ်နိုင်ငံသည် ယခုနှစ် ပထမ ၈ လတွင် မြေရှားသတ္တု ၁၁၈,၄၂၆ တန် တင်သွင်းခဲ့သည်။ ဩဂုတ်လတွင် ၁၂,၆၇၃ တန် တင်သွင်းခဲ့သည်။

ဇန်နဝါရီမှ ဇူလိုင်လအထိ ကာလအတွင်း တရုတ်နိုင်ငံ မြေရှားသတ္တု တင်သွင်းမှု၏ ၃၈ ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ရယူသည်။

United States Geological Survey (USGS)  အချက်အလက်အရ ၂၀၂၂ ခုနှစ် မြေရှားသတ္တုတူးဖော်ထုတ်လုပ်မှုတွင်  တရုတ်နှင့် အမေရိကန်ပြီးလျှင် မြန်မာနိုင်ငံသည် တတိယအများဆုံးနိုင်ငံ ဖြစ်သည်။


Source - Reuters 

#MyanmarNationalPost

No comments:

Post a Comment