ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်





MNP ၊ စက်တင်ဘာ ၃၀

ကချင်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ (၁၄၆)ဦးတို့က ပြိုင်ပွဲအမျိုးအစား (၄၃)မျိုးဖြင့် (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပနေခြင်းသည် မိမိတို့ တိုင်းရင်းသားယဉ်ကျေးမှုများကို အဓိပ္ပါယ်ရှိစွာ၊ ရည်ရွယ်ချက်မြင့်မားစွာထားရှိ၍ ထိန်းသိမ်းကာကွယ်မြှင့်တင်ရန်အတွက် ဆောင်ရွက် ခြင်းဖြစ်သည်ကို အားလုံးက အလေးအနက်ထားခံယူကြရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲသည် အနုပညာရပ်ဆိုင်ရာပြိုင်ပွဲတစ်ခုဖြစ်ကဲ့သို့ တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖော်ထုတ် ထိန်းသိမ်းသည့်ပွဲ၊ မျိုးဆက်သစ် အနုပညာရှင်မောင်နှမများ ပေါင်းကူး ချစ်ကြည်ရင်းနှီးသည့် ပွဲလည်း ဖြစ်ပါ‌ကြောင်း၊ တစ်နည်းအားဖြင့် တိုင်းရင်းသားညီအစ်ကိုများ ယဉ်ကျေးမှု ပေါင်းစည်းသည့်ပွဲဟူ၍လည်း လေးနက်သည့် အဓိပ္ပါယ်သက်ရောက်ပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ 

ထို့နောက် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေး ရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ခဲ့မှုများ နှင့် ဗဟိုအဆင့် ပြိုင်ပွဲတွင် အဆင့်အတန်းမီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ပြည်နယ်အဆင့်ပြိုင်ပွဲမှ ပထမဆုရရှိသူများကို ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် စခန်းသွင်းလေ့ကျင့်သွားနိုင်‌ရေး စီမံ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ 

ဆက်လက်၍ အကဲဖြတ်အမှတ်ပေးဒိုင်အဖွဲ့ဝင်များနှင့်အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့ ၏ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီအဖွဲ့ဝင်များက အခြေခံ ပညာအဆင့် အသက်(၁၀ နှစ် မှ ၁၅ နှစ်) အမျိုးသားအကပြိုင်ပွဲ ယှဉ်ပြိုင်မှုကို အားပေးကြည့်ရှုခဲ့ကြသည်။ 

အဆိုပါ ကချင်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ  ပြိုင်ပွဲဝင်ပေါင်း (၁၄၆)ဦးတို့က အသက်အုပ်စု အလိုက်   ပြိုင်ပွဲဘာသာရပ်အမျိုးအစားပေါင်း (၄၃)မျိုးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည့်အပြင် လီဆူ တိုင်းရင်းသားအက၊ ရှမ်းတိုင်းရင်းသားရိုးရာအက၊ ကဗျာလွတ်အကတို့ဖြင့် (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အောက်တိုဘာ (၁)ရက်နေ့တွင် ဆုများ ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲမှ ပထမဆုရရှိသူများ ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အောက်တိုဘာ ၂ ရက်နေ့မှစတင်၍ ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များမှ စခန်းသွင်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)