အမရပူရမြို့နယ်၌ ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးတို့ကို ငွေကျပ် ၇၅၀၀ ဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့နယ်၌ ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးတို့ကို ငွေကျပ် ၇၅၀၀ ဖြင့် ရောင်းချပေး



MNP ၊ စက်တင်ဘာ ၁၄

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)နှင့် မန္တလေး တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ယမန်နေ့က အမရပူရမြို့နယ် ရှမ်းကလေးကျွန်းကျေးရွာတွင် ဆန်၊ ဆီနှင့် ကြက်ဥများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ရောင်းချမှုတွင် တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံး ပေါင်းသုံးမျိုးကို ငွေကျပ် ၇၅၀၀ ဖြင့် ရောင်းချပေးခဲ့ကြောင်း ဆန်စပါးကုန်သည်များအသင်း မန္တလေးတိုင်းဒေသကြီး (အသင်းခွဲ)မှ တွဲဖက်အတွင်းရေးမှူး ဦးလပြည့်က ပြောသည်။


“သုံးမျိုးတစ်တွဲကို ငွေကျပ် ၇၅၀၀ ပါ။ အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူစားသုံးနိုင်အောင် ရောင်းချပေးတာဖြစ်ပါတယ်။ ညနေပိုင်းမှာ ယဉ်တော်ရပ်ကွက်ဘက်သွားပြီး ရောင်းချခဲ့တာကြောင့် ဒီနေ့နှစ်နေရာမှာ ရောင်းချခဲ့တာက တစ်ပြည်ပါဆန်အိတ်ပေါင်း ၃၀၀၀ ကျော်၊ ၅၀ သားဆီဘူးပေါင်း ၄၄၀၀၊ ကြက်ဥအလုံးရေ ၉၀၀၀ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။


မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း မန္တလေးတိုင်းဒေသ ကြီး(အသင်းခွဲ)အနေဖြင့် သြဂုတ် ၁၃ ရက်မှ စတင်၍ဆန်များကို သက်သာ‌ သောနှုန်းထားဖြင့် ရောင်းချပေးခဲ့ရာ ယနေ့ထိ ၂၄ ပြည်ပါ ဆန်အိတ်ပေါင်း ၄၉၈၅ အိတ်ရောင်းချပေးပြီးဖြစ်ကြောင်း၊ ဆန်နှင့်အတူ ဆီနှင့် ကြက်ဥများကို သက်ဆိုင်ရာတို့နှင့် ဆက်သွယ်စီစဉ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။


ယခုရောင်းချရာသို့ လာရောက်ဝယ်ယူသူ ဒေါ်ခင်ထွေးက “မနက်စောစောကတည်းက လာပြီးတန်းစီတာပါ။ ခုရောင်းချပေးတဲ့ ဈေးနှုန်းတွေက အပြင်ဈေးတွေထက် သက်သာလို့ ကျွန်မတို့အဆင်ပြေတာပေါ့။ အဓိကလိုအပ်တာကလည်း ဆန်၊ ဆီပဲ။ ဒါကို ဈေးချိုချိုနဲ့ရတဲ့အတွက်အားလုံးက ကျေးဇူးတင်နေကြတာပါ”ဟု ပြောသည်။


ဆန်စပါးကုန်သည်များအသင်း (မန္တလေးအသင်းခွဲ)အနေဖြင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်းကာ မန္တလေးမြို့နှင့် အနီးဝန်းကျင်ရှိရပ်ကွက်များသို့ သွားရောက်ပြီး အခြေခံလူတန်း စားများအား ဆန်နှင့် ဆီများအပြင် ကြက်ဥ၊ ဘဲဥများ သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


မောင်အေးချမ်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)