နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် ချင်းပြည်နယ် ပလက်ဝမြို့ရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မမြို့ဖများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် ချင်းပြည်နယ် ပလက်ဝမြို့ရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မမြို့ဖများနှင့် တွေ့ဆုံ



MNP ၊ စက်တင်ဘာ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီက ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က ဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကကျကြောင်း၊ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန် နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်သည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ မိမိတို့အချင်းချင်း ချစ်ခင်ရင်းနှီးစွာနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ ပလက်ဝခရိုင်သည် စိုက်ပျိုးရေး၊ မွေးမြူရေး အလားအလာကောင်းသည့် ဒေသဖြစ်၍ ဒေသဝမ်းစာဖူလုံရုံသာမက ပိုလျှံအောင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပြည်နယ်ရှိခရိုင်ခြောက်ခုအနက် ပလက်ဝခရိုင်သည် လူဦးရေ တစ်သိန်းကျော်ဖြင့် လူဦးရေအများဆုံးနေထိုင်ရာ ဒေသတစ်ခုဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုရာနှုန်းအများဆုံးခရိုင်ဖြစ်ပြီး စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းတစ်ခု အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ပြည်သူအများအပြား အသိပညာ မြင့်မားရေးသည် ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကျောင်းသင်ပညာရေးနှင့် ကျောင်းပြင်ပပညာရေး နှစ်မျိုးစလုံးဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပလက်ဝခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌက ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပလက်ဝမြို့နယ် ခုတင်(၁၀၀)ဆေးရုံ အဆင့်တိုးမြှင့်ပေးရန်၊ ဆရာဝန်အင်အား ဖြည့်တင်းပေးရန်၊ မဟာဓာတ်အားလိုင်းသွယ်တန်းပေးရေးနှင့် ဓာတ်အားခွဲရုံတည်ဆောက်ပေးရေးကို လည်းကောင်း၊ မြို့မိမြို့ဖဦးဇာနီနှင့် ဦးစနီအောင်တို့က ကျောက်တော် −ပလက်ဝရေကြောင်းလမ်း တစ်ရက်ခြား ပုံမှန်သင်္ဘောပြေးဆွဲခွင့်ပြုပေးရန်၊ ပလက်ဝ − ဆမီး ကားလမ်းအား ရာသီမရွေး သွားလာနိုင်သည့်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန်၊ မြို့နယ်ခန်းမဆောင် တည်ဆောက်ပေးရန်တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က ပြည်ထောင်စုအဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က လက်ဆောင်ပစ္စည်းများပေးအပ်ရာ ပလက်ဝမြို့မိမြို့ဖ ဦးဇာနီ၊ ဦးစနီအောင်၊ ဦးခိုင်ငိုင်းတို့က လက်ခံရယူကြသည်။

အဆိုပါ ပြည်နယ်အဆင့်ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ နယ်မြေခံစစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)