MNP ၊ စက်တင်ဘာ ၁၃
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံတော်အတွင်း တည်ထားကိုးကွယ်တော်မူသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ် ဦးဆောင်သည့် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ အဖွဲ့ဝင်အင်ဂျင်နီယာများက လာရောက်ဖူးမြော်လေ့လာကြသည်။
အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှအဖွဲ့ဝင် အင်ဂျင်နီယာများသည် မြန်မာနိုင်ငံ၌ စက်တင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသတွင်းဆိုင်ရာအင်ဂျင်နီယာများအဖွဲ့ချုပ် အထွေထွေညီလာခံနှင့် (၇)ကြိမ်မြောက် ဂုဏ်ထူးဆောင်ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အစည်းအဝေးပြီးမြောက်ချိန်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ထားရှိမှု ဗိသုကာလက်ရာများကို လေ့လာရန်အတွက် အစီအစဉ်တစ်ရပ်အနေဖြင့် ထည့်သွင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လေ့လာရာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးဆိုင်ရာ တာဝန်ခံအင်ဂျင်နီယာအဖွဲ့မှ တာဝန်ရှိသူများနှင့် ဘုရားကြီးစီမံခန့်ခွဲရေးအဖွဲ့ဝင်များက ကြိုဆိုကြသည်။ ထို့နောက် ယာယီရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက ပါဠိ/ မြန်မာ၊ ပါဠိ/ ရိုမန် အက္ခရာနှစ်မျိုးတို့ဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော် ၅၃ ကျမ်း(၄၀ အုပ်)တို့ကို နိုင်ငံတကာကျမ်းစာများအတိုင်း အဆင့်မီပုံနှိပ်၍ ပြည်တွင်းပြည်ပရှိ ဗုဒ္ဓတက္ကသိုလ်ကြီးများ၊ သာသနာပြုကျောင်းများ၊ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကျမ်းစာအုပ်များအား လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့်လည်း ထည့်ဝင်လှူဒါန်းနိုင်သည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးဆိုင်ရာ တာဝန်ခံအင်ဂျင်နီယာတစ်ဦးက ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရေးနှင့်ပတ်သက်သည့် အင်ဂျင်နီယာပညာရပ်ပိုင်းဆိုင်ရာ ဒီဇိုင်းတွက်ချက်မှုလုပ်ငန်းအဆင့်ဆင့်နှင့် စကျင်ကျောက်တုံးတော်ကြီး တွဲဆက်ရေးလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဆင်းတုတော်ကြီးအား ပင့်ဆောင်ခြင်း၊ ပင့်ထောင်ပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး လေ့လာရေးအဖွဲ့များ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားသည်။
ယင်းနောက် လေ့လာရေးအဖွဲ့များက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံစေတီတော်များအပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများနှင့် ဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှုဖူးမြော်ကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသသည်။
အဆိုပါ လေ့လာရေးအဖွဲ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုရီးယားနိုင်ငံစသည့် နိုင်ငံအသီးသီးမှ နိုင်ငံခြားသား အင်ဂျင်နီယာပညာရှင် ၂၆ ဦးနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှအဖွဲ့ဝင် ၅၄ ဦး စုစုပေါင်း အဖွဲ့ဝင် ၈၀ ဦးပါဝင်ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost
No comments:
Post a Comment