ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ




MNP ၊ စက်တင်ဘာ ၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ သဘာဝဘေးနှင့်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များအား လူသားချင်းစာနာမှုနှင့် အကာအကွယ်ပေးမှု လုပ်ငန်းတာဝန်များ၊ ပဋိပက္ခဖြစ်ပွား၍ နေရပ်စွန့်ခွာသူများရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများအား UNHCR က အထောက်အပံ့ပေးမှုများ၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုများ၊ UNHCR က မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပေးအပ်မည့် ဆိုလာမီးအိမ်များအား ရန်ကုန်မြို့တွင်လက်ခံ၍ ရခိုင်ပြည်နယ်သို့ပို့ဆောင်ရန် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN-OCHA) နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်တွင်းခရီးသွားလာခွင့်ရရှိလိုသည့်ကိစ္စများနှင့် ပြည်ဝင်ဗီဇာရရှိလိုသည့်ကိစ္စများကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ ကျင်းပသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအတွက် ယူနန်ပြည်နယ် Yunnan Provincial People’s Association for Friendship with Foreign Countries (YNPAFFC) က ပြန်လည်ထူထောင်ရေးဆိုင်ရာပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ ညွှန်ကြားရေးမှူးနှင့် Yunnan Commercial Representative Office ညွှန်ကြားရေးမှူး Mr. Gao Wei တို့က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ ညွှန်ကြားရေးမှူးနှင့် Yunnan Commercial Representative Office ညွှန်ကြားရေးမှူးတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ယခုလှူဒါန်းမှုမှာ ယူနန်ပြည်နယ် Yunnan Provincial People’s Association for Friendship with Foreign Countries (YNPAFFC) က မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်အတွက် ယွမ် (၁၀၀,၀၀၀) တန်ဖိုးရှိ ပြန်လည်ထူထောင်ရေးပစ္စည်းများဖြစ်ကြောင်းနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက် ပြည်တွင်း/ ပြည်ပ စေတနာရှင်များနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ လှူဒါန်းထောက်ပံ့မှုများကို တပ်မတော်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေယာဉ်၊ လေယာဉ်များဖြင့်စစ်တွေမြို့သို့ အမြန်ဆုံးပို့ဆောင်ပေးပြီး စစ်တွေမြို့မှတစ်ဆင့် ဘေးသင့်ဒေသမြို့နယ်များအထိ ဆက်လက်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment