နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Global Sustainable Transport Forum) သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Global Sustainable Transport Forum) သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိ



MNP ၊ စက်တင်ဘာ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Global Sustainable Transport Forum) သို့ တက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။


ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆-၂၇ ရက်များတွင် တာ့ခ်မင်နစ္စတန်နိုင်ငံ၊ အက်ရှ်ဂါဘက်မြို့၌ လည်းကောင်း၊ ဒုတိယ အကြိမ်ဖိုရမ်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၄-၁၆ ရက်များတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌လည်းကောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ကြီးမှူး၍ ကျင်းပ ခဲ့ပါသည်။ ယခု တတိယအကြိမ်ဖိုရမ်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက်များ ပြည့်မီရေး အထောက် အကူပြုနိုင်ရန် အပြန်အလှန်ချိတ်ဆက်မှု မြှင့်တင်ရေး၊ ဘုံဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာသစ်များ အသုံးပြုရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေးဆိုင်ရာ ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ ဖိုရမ်နှင့်အတူ ကျင်းပသည့် မျက်နှာစုံညီ အစည်းအဝေး၊ ဝန်ကြီးအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲ၊ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများနှင့် ဆက်စပ်ဆွေးနွေးပွဲများသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အတူ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ပါဝင် တက်ရောက်ခဲ့ကြသည်။


ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက China National Convention Center (CNCC) ၌ ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. He Lifeng တက်ရောက်၍ အဖွင့် အမှာစကား ပြောကြားသည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဖိုရမ်ဖွင့်ပွဲအခမ်း အနားအပြီး ကျင်းပသော မျက်နှာစုံညီအစည်းအဝေးတွင် နိုင်ငံပေါင်း (၁၈) နိုင်ငံမှ ဝန်ကြီးများနှင့် အတူ ပါဝင်တက်ရောက် အမှာစကားပြောကြားသည်။ အမှာစကားပြောကြားရာတွင် ရေရှည် ဖွံ့ဖြိုးတိုးတက်မှုရှိသည့် ပို့ဆောင်ရေးကဏ္ဍသည် နိုင်ငံတိုင်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဓိက ဆက်စပ်နေမှု၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံနှင့် သင့်လျော် ကောင်းမွန်သည့် ဝန်ဆောင်မှုလိုအပ်ချက်များကြောင့် ယာဉ်ကြောပိတ်ဆို့မှု၊ စွမ်းအင်ပြုန်းတီးမှု၊ ကာဗွန်များပြားစွာ ထုတ်လွှတ်မှု စသည့်အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရမှု၊ ယာဉ်အန္တရာယ်/ လမ်းအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်ရန်လိုအပ်မှု၊ ဘက်စုံပို့ဆောင်ရေးစနစ်ကို အသုံး ပြုရန် လိုအပ်မှုများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပို့ဆောင်ရေး အခြေခံအဆောက်အအုံ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေးဆွဲအတည်ပြုထားပြီးဖြစ်သည့် အမျိုးသားပို့ဆောင်ရေး ပင်မ စီမံကိန်း (National Transport Master Plan)နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ် သုံးယာဉ်များ တင်သွင်းမှု၊ ထုတ်လုပ်မှု၊ အသုံးပြုမှုများအတွက် အမျိုးသားအဆင့် ဦးဆောင် ကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်း၍ မဟာဗျူဟာများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိမှု၊ ရေကြောင်းလေကြောင်း သယ်ယူပို့ဆောင်ရေးကဏ္ဍ များတွင် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်(IMO)၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် (ICAO)တို့က ချမှတ်သည့် နိုင်ငံတကာစံညွှန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများအား ဆွေးနွေးပြောကြားသည်။


ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည်  စက်တင်ဘာ ၂၆ ရက်နေ့ အစီအစဉ်အရ ကျင်းပပြုလုပ်သော ကုန်းရေနှစ်သွယ်စင်္ကြံ ထူထောင်ရေးနှင့်စပ်လျဉ်းသည့် Comprehensive Transport Investment Promotion Conference သို့ တက်ရောက်၍ မြန်မာနိုင်ငံသည် ဒေသတွင်း မဟာဗျူဟာမြောက် အချက်အချာနေရာ၌ တည်ရှိနေမှု၊ တရုတ်နိုင်ငံက ဦးဆောင်ဦးရွက်ပြုသော Belt and Road Initiative(BRI) နှင့် မဲခေါင်-လန်ချန်း အစီအစဉ်များတွင် တက်ကြွစွာပူးပေါင်း ဆောင်ရွက်လျက် ရှိမှု၊ ကုန်းရေနှစ်သွယ် စင်္ကြံထူထောင်ရေးတွင် အဓိကအရေးပါသည့် နိုင်ငံဖြစ်လာစေရန် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး၊ လူ့အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက် များကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုနှင့် အတွေ့အကြုံ အသိပညာ များ အပြန်အလှန်ဖလှယ်ရေးကိစ္စရပ်များကို ပါဝင်ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင်ကျင်းပသော ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်သော ပို့ဆောင်ရေးကဏ္ဍ ဖြစ်ပေါ်လာစေရန် ဝန်ကြီးများအဆင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ပြုရေး စားပွဲဝိုင်းဆွေးနွေးပွဲ (Ministerial Roundtable on Building a Global Sustainable Transport Partnership) သို့ တက်ရောက်၍ နိုင်ငံ ၁၈ နိုင်ငံမှ ဝန်ကြီးများ၊ ကမ္ဘာ့ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက် ရေးအဖွဲ့ အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ၅ ခုတို့မှ အကြီးအကဲများနှင့်အတူ ပါဝင် ဆွေးနွေးပါသည်။ ဝန်ကြီးအဆင့်စားပွဲဝိုင်း ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မိတ်ဖက်ပြုရေး မြှင့်တင်ဆောင်ရွက်ရန်နှင့် စပ်လျဉ်း၍ အားလုံးပါဝင်မှုနှင့် တန်းတူညီမျှမှု (Inclusivity and Equality)၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development)၊ ခံနိုင် ရည်ရှိမှုနှင့် လိုက်လျောညီထွေရှိမှု (Resiliency and Adaptability)၊ ယုံကြည်မှုနှင့် အပြန်အလှန် လေးစားမှု (Trust and Mutual Respect)တို့ကို အလေးထားသုံးသပ်ဆွေးနွေးပြီး နိုင်ငံများအနေဖြင့် တက်ကြွစွာပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြပါရန် အကြံပြုတိုက်တွန်း ပြောကြားသည်။


ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဖိုရမ်တက်ရောက်စဉ်ကာလအတွင်း စက်တင်ဘာလ ၂၆ ရက် တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး H.E. Mr. Li Xiaopeng အား တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက် လျက်ရှိသော စီမံကိန်းများနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာများကို ချစ်ကြည်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။


ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း တွင် ပေကျင်းမြို့ရှိ China Railway Group Co. Ltd ၏ ဌာနချုပ်သို့ သွားရောက်ပြီး ရထားပို့ဆောင် ရေးပြတိုက်ကို ကြည့်ရှုလေ့လာကာ မူဆယ် - မန္တလေး ရထားလမ်းသစ် တည်ဆောက်ရေးအတွက် ဖြစ်မြောက်နိုင်ခြေလေ့လာမှု အစီရင်ခံစာအပေါ် သုံးသပ်တွေ့ရှိချက်များ၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းပိုင်းအတွက် ဖြစ်မြောက်နိုင်ခြေ လေ့လာရေး ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည်။ စက်တင်ဘာလ ၂၅ ရက်နေ့တွင် China Railway ဌာနချုပ်သို့ သွားရောက်၍ တရုတ်နိုင်ငံအတွင်း ပြေးဆွဲလျက်ရှိသော ရထားများ၏ သွားလာမှုထိန်းချုပ်ရေးစနစ်(Centralized Traffic Control-CTC) အား လေ့လာကြည့်ရှုသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင်လည်း China Communication Construction Co.Ltd နှင့်  China Harbour Engineering Co.Ltd တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံပြီး ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသော စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။


ဖိုရမ်၏အစီအစဉ်အရ ကျင်းပသည့် အပြန်အလှန်ချိတ်ဆက်မှုမြှင့်တင်ရေး၊ ဘုံဖွံ့ဖြိုးတိုးတက် ရေး၊ နည်းပညာသစ်များ အသုံးပြုရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး စသော ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ (၄)ခုသို့လည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီး ဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့သည်။ ယခုကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ပို့ဆောင်ရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ဝန်ကြီးအဆင့်များ၊ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေးအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ နိုင်ငံပေါင်း ၆၀ ကျော်မှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာမှ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် စုစုပေါင်း (၆၀၀၀) ဦး ပါဝင်တက်ရောက်ကြောင်း သတင်းရရှိသည်။

         

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)