Pages

Pages

နောင်ချိုမြို့နယ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်



MNP ၊  စက်တင်ဘာ ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့်      ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village)နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးစည်သူလင်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွေးဝင်းက လူမှုဘဝအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ  အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို အားပေးသည့် ခေတ်မီစံပြကျေးရွာများ ထူထောင်နိုင်ရန်ရည်ရွယ်၍ ခေတ်မီစံပြ ကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village)နှင့် ပတ်သက်၍ စီမံကိန်း၅နှစ်တာ ကာလအတွင်း ဌာနမှဆောင်ရွက်ရန် လျာထားသော လုပ်ငန်းများဖြစ်သည့် ဆေးပေးခန်း၊ လမ်းတံတား၊ ရေပေးရေး၊ မီးလင်းရေး၊ စာကြည့်တိုက်ရရှိရေး၊ အားကစားကွင်းရရှိရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကုန်ထုတ်လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာစေရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှ မိမိတို့ဌာနများနှင့် သက်ဆိုင်သည့်လုပ်ငန်းကဏ္ဍများကို ပါဝင်ဆွေးနွေးခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးစည်သူလင်းက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ်မှ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် (၅)နှစ်တာကာလအတွင်း ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း (Smart Village)အား နောင်ချိုမြို့နယ် အနောက်ကြူအင်းအုပ်စု၊ နောင်သခေါကျေးရွာကို ရွေးချယ်ထားကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ထွေးငယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment