MNP ၊ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်နှင့် ပခုက္ကူပညာရေးဒီဂရီကောလိပ်တက္ကသိုလ်တို့၌ လူငယ်သီတင်းပတ်(Youth Week) အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုပွဲတော်များကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်ကျင်းပကြကြောင်း သိရသည်။
လူငယ်သီတင်းပတ်(Youth Week)အထိမ်းအမှတ်အဖြစ် ပခုက္ကူတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့၌ ကျင်းပနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ ကျောင်းသား၊ကျောင်းသူများ၏ လူငယ်စွမ်းရည်သရုပ်ဖော်တေးသီချင်းများဖြင့် ကပြတင်ဆက်မှုများနှင့် ဗလငါးတန်းဖွံ့ဖြိုးရေးနှင့်စပ်လျဉ်းပြီး လူငယ်စွမ်းရည်ပြခန်းပစ္စည်းများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။
“လူငယ်သီတင်းပတ်ပွဲတော်များကို လူငယ်များအနေဖြင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်လာစေရေး၊ လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် လူငယ်သီတင်းပတ်လှုပ်ရှားမှုပွဲတော်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကြခြင်းဖြင့် အနာဂတ်နိုင်ငံတော်အတွက် အားကိုးအားထားပြုရသော မျိုးဆက်သစ်လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုပေါ်ထွက်လာရေး စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၄ရက်မှ၈ရက်နေ့အထိ ကျင်းပခြင်းဖြစ်ကြောင်း၊ ယင်းပွဲတော်များတွင် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးရေးကို ဖော်ကျူးသည့် လူငယ်စကားဝိုင်းများ၊ လူငယ်စွမ်းရည်ပြပွဲများ၊ အကအလှပြ၊ သရုပ်ပြပွဲများ၊ လူငယ်တွေ့ဆုံပွဲနှင့် ဈေးရောင်းပွဲတော်များ၊ အားကစားပြိုင်ပွဲများ၊ လူငယ်စွမ်းရည်သရုပ်ဖော်တေးသီချင်းများ၊ လူငယ်ရေးရာဥပဒေနှင့်စီပွားရေးရာဆိုင်ရာ ဟောပြောပွဲများစသည့် ကာယ၊ ဉာဏလှုပ်ရှားမှုအမျိုးမျိုး ထည့်သွင်းကျင်းပပေးလျက်ရှိကြောင်း” ပခုက္ကူတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောသည်။
ဘာမီသာ
https://t.me/MyanmarNationalPost
No comments:
Post a Comment