MNP ၊ အောက်တိုဘာ ၂၈
နိုင်ငံတော်အစိုးရသည် ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများကို အစဉ်ကြည့်ရှု စောင့်ရှောက် လျက်ရှိပြီး အခက်အခဲများကြုံတွေ့လာပါက ကူညီဆောင်ရွက်ပေးလျက်ရှိရာ အစ္စရေးနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများကို ပြန်လည် ခေါ်ယူနိုင်ရေး နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ခဲ့ ရာတွင် အောက်တိုဘာ ၂၆ ရက် ည ၉ နာရီကျော်တွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက် ရှိလာရာ မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အစ္စရေးနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ပွဲအခြေအနေကြောင့် အခက်အခဲကြုံ တွေ့နေရသည့် မြန်မာနိုင်ငံသားများကို ပြန်လည် ခေါ်ယူခဲ့ရာ အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် အစ္စရေးနိုင်ငံ တဲလ်အဗီးမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့ပြီး ဘန်ကောက်မှတစ်ဆင့် ရန်ကုန်မြို့ သို့ ည ၈ နာရီ ၁၅ မိနစ်၌ BM 351 MAI လေကြောင်းလိုင်းဖြင့် လိုက်ပါခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၉ နာရီကျော်တွင် အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။
အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့မှ ပြန်လည်ရောက်ရှိလာသော ကိုအောင်ကျော်ဦးက “ရုတ်တရက်ကြီး စစ်ဖြစ်တော့ ကျွန်တော် တို့လည်း ကြောက်သွားတယ်။ အိမ်အောက်ထပ်က ဗုံးခိုကျင်းထဲဆင်းပြီး နေကြရ တယ်။ ဆက်ပြီးနေထိုင်လို့ မရတော့တဲ့ အနေအထားပါ။ အစ္စရေးကို Training Agriculture နဲ့ စိုက်ပျိုးရေး သင်တန်းတက်ရောက်နေတာ လေးနှစ်ကျော်ရှိပါပြီ။ အစ္စရေးနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက ဆက်သွယ် အကြောင်း ကြားပေးတဲ့အတွက် ကျွန်တော်တို့အဆက်အသွယ်ရပြီး မြန်မာနိုင်ငံကိုပြန်ဖို့ အမြန်ဆုံးဆောင်ရွက် ပေးခဲ့တာကြောင့် အခုလို အမိနိုင်ငံကို ဘေးအန္တရာယ်ကင်းကင်းနဲ့ စိတ်အေးချမ်းသာစွာ ပြန်လာနိုင် ခဲ့တာဖြစ်ပါတယ်။
အစ္စရေးလေဆိပ်မှာ မြန်မာနိုင်ငံကို ပြန်ရတော့မယ်ဆိုတဲ့စိတ်က ရင်ခုန်မှုကြီးမားပါတယ်။ ဘန်ကောက်ကို ရောက်တော့ စိတ်ထဲမှာ ၅၀ ရာခိုင်နှုန်းပဲ ပျော်ရွှင်ကြရပြီး ရန်ကုန်လေဆိပ်ကို လေယာဉ် ဆင်းသက်လိုက်တာနဲ့ အမိမြေဆိုတဲ့ အသိစိတ်ဟာ ဘယ်လိုခံစားမှုနဲ့မှလဲလို့ မရပါဘူး။ အမိမြေထက် နွေးထွေးလှိုက်လှဲတဲ့နေရာ ဘယ်နေရာမှမရှိဘူးဆိုတာလည်း သိလိုက်ရပါတယ်။ လာရောက်ကြိုဆိုကြတဲ့ တာဝန်ရှိသူအားလုံးကို အထူးပဲကျေးဇူး တင်ပါတယ်။ ကျွန်တော်က ရှမ်းပြည်နယ် ပင်လောင်းကပါ။ ကျွန်တော်တို့ကို အချိန်မီ ကူညီကယ်ဆယ်ပေးတဲ့ နိုင်ငံတော်အစိုးရက တာဝန်ရှိသူများအားလုံး၊ အစ္စရေးနိုင်ငံ မြန်မာသံရုံးက သံအမတ်ကြီးနဲ့ တာဝန်ရှိသူအားလုံးကို ရင်ထဲက ဖော်မပြနိုင်အောင် လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဝမ်းမြောက် ပီတိ စကားပြောကြားသည်။
မလမိုင်မိုင်းရာက “အမိနိုင်ငံကို ပြန်ရောက်လာတဲ့အတွက် ဝမ်းသာ ကြည်နူးမှုဟာဘာနဲ့မှ လဲလို့ မရပါဘူး။ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်။ သမီးက ကချင်ပြည်နယ်တနိုင်းကပါ။ အစ္စရေးကိုရောက်နေတာ လေးနှစ် ကျော်ရှိပါပြီ။ တစ်လမ်းလုံး ဘုရားသခင် ထံ ဆုတောင်းခဲ့တာ၊ အခုလိုပြန်လာနိုင်အောင် ကူညီဆောင် ရွက်ပေးတဲ့ နိုင်ငံတော်အစိုးရနဲ့သံရုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ မိဘရင်ခွင်ထဲ ပြန်လည်ပို့ဆောင်ပေးတဲ့ တာဝန်ရှိသူအားလုံးကို ရင်ထဲမှာ ပြောမပြတတ်အောင်ကို ကျေးဇူးအထူး တင်ပါတယ်။ ” ဟု ဝမ်းသာပီတိစကား ပြောကြားသည်။
မမိုးသီတာအောင်က “သမီးတို့က မြို့ပေါ်မှာ နေတာပါ။ အစ္စရေးနယ်စပ်မှာ တော့ တိုက်ပွဲသံတွေ ကြားနေရ တယ်။ အခုလိုမထင်မှတ်ပဲဖြစ်လာတော့ ကိုယ့်နိုင်ငံကိုပဲ ပြန်ချင်တယ်။ သံရုံးကပြန်မယ့် သူတွေကိုပို့ပေးဖို့ အကြောင်းကြားပေးတဲ့အတွက် ဝမ်းပန်းတသာနဲ့ ပြန်ခွင့်ရခဲ့တာပါ။ စိတ်ရှည်စွာနဲ့ ကူညီပေးခဲ့တဲ့သံရုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ သမီးက ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် မှာနေပါတယ်။ မိသားစုနဲ့ အခုလိုပြန်ဆုံ ခွင့်ရအောင် ကူညီဆောင်ရွက်ပေးတဲ့အတွက် ဖော်မပြနိုင်အောင် ဝမ်းသာကြည်နူးမှုဖြစ်ရပါတယ်။ နိုင်ငံတော်အကြီး အကဲနဲ့ တာဝန်ရှိသူအားလုံးကို အထူး ကျေးဇူးတင်ပါတယ်” ဟု ရင်တွင်းပီတိ စကား ပြောကြားသည်။
မခင်နှင်းအိက “တိုက်ပွဲဖြစ်တဲ့အသံ ကို တဲလ်အဗီးက နေ့တိုင်းကြားနေရတယ်။ သမီးတို့နေတာ လေးနှစ်ရှိပြီ။ အခုလိုမကြုံ ဖူးဘူး။ အခြားပြည်ပနိုင်ငံသားတွေလည်း ပြန်ကြတာရှိတယ်။ မြန်မာနိုင်ငံသား အချို့လည်း ရှိတယ်။ တိုက်ပွဲသံကြားကတည်းက အမိနိုင်ငံကို ပြန်ချင်နေတာပါ။ တစ်နေ့တစ်နေ့ဘာဖြစ်လာမလဲဆိုပြီး တွေးနေရတာလည်း ပင်ပန်းတယ်။ သမီးက ပဲခူး၊ သာယာဝတီမှာနေပါတယ်။ အိမ်ကိုလွမ်းတယ်၊ သတိရတယ်။ မြန်မာသံရုံးက အကြောင်းကြားစာရတော့ အတိုင်းမသိ ဝမ်းသာသွားတယ်။ အစ္စရေးလေဆိပ်မှာ လေယာဉ် မထွက်မီနဲ့ လေထဲရောက်သွားချိန်ဟာ အကြာဆုံးအချိန်ပါပဲ။ ဘန်ကောက်ကိုရောက်မှပဲ စိတ်နည်းနည်း အေးချမ်းသွားပါတယ်။ ရန်ကုန်လေဆိပ် ကိုရောက်တော့ ရင်ထဲဝမ်းနည်း ဝမ်းသာဖြစ်ရတယ်။ စိုးရိမ်စိတ်နဲ့နေခဲ့ရတဲ့ နေ့စဉ် ဝမ်းနည်းမှုဟာ အမိမြေကို ခြေချခွင့်ရလိုက်တာနဲ့ ဝမ်းသာပျော်ရွှင်မှုရဲ့ စွမ်းအားဟာ ဘာနဲ့မှလဲလို့ မရပါဘူး။ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိအောင် ကူညီပို့ဆောင်ပေးကြတဲ့ လူကြီးများ အားလုံး ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ပါ တယ်” ဟု ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အစ္စရေးနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို နိုင်ငံခြား ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြန်လည်ရောက်ရှိလာ ကြသည့် နိုင်ငံသားတို့၏ မိဘဆွေမျိုးများက ဝမ်းမြောက်ဝမ်းသာဖြင့် ကြိုဆိုခဲ့ ကြကြောင်း သိရသည်။
သတင်းအင်တာဗျူး - ညိမ်းသူ
ဓာတ်ပုံ - ဇော်မင်းလတ် ၊ မောင်သီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment