MNP ၊ အောက်တိုဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက် ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်စံအောင်ရပ်ကွက်၊ သာစည်ကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာအုပ်စုနှင့် သက်နှင်းအင်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးညီညီလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်တွေ့စမ်းသပ်မဲပေးကြသည့် မဲဆန္ဒရှင်များအနေဖြင့် မဲပေးစက်၏ထိန်းချုပ်စက် (Control Unit) ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးပြီးသည့်အချိန်တွင် မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန် မမှန် စိစစ်ခြင်းတို့ကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးရာတွင် ရိုးရှင်းလွယ်ကူစွာ မဲပေးနိုင်ခြင်း၊ ပယ်မဲများမရှိခြင်း၊ မဲရလဒ်များအချိန်တိုအတွင်း ပွင့်လင်းမြင်သာမှုရှိရှိ သိရှိနိုင်ခြင်း၊ မဲမသမာမှုများကို ထိန်းချုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်သည့်အတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းအပေါ် ယုံကြည်သဘောကျ နှစ်သက်မှုရှိကြောင်း သိရသည်။
ယနေ့ လက်တွေ့စမ်းသပ်မဲ ပေးခြင်းသည် ဇေယျာသီရိမြို့နယ်အတွင်း ပထမနေ့ဖြစ်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုလေးခုတို့မှ မဲဆန္ဒရှင်ပြည်သူများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၇၀ တို့က လက်တွေ့မဲပေး ဆောင်ရွက်ခဲ့ကြသည်။ ကျန်ရှိသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၂ ခုတို့၌လည်း အောက်တိုဘာ၂၄ ရက်မှ ၂၆ ရက်အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment