ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နှင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ်တစ်ရပ်ထားရှိရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နှင်းနိုင်ရန် ဆက်သွယ်ဆက်ဆံရေးစနစ်တစ်ရပ်ထားရှိရေး ညှိနှိုင်းဆွေးနွေး




MNP ၊ အောက်တိုဘာ ၃၀

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်၍ ဒုတိယဝန်ကြီးအဆင့်ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၊ နေပြည်တော် သို့ ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့ လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး Mr. Wang Xiaohong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  တို့သည် နေပြည်တော်၊ Horizon Lake View ဟိုတယ်ရှိ Presidential Suite တွင် ၁၆၀၀ နာရီမှ ၁၇၀၀ နာရီအထိ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနတို့အကြား (၇) ကြိမ်မြောက် တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို နေပြည်တော်၊ Horizon Lake View ဟိုတယ်ရှိ State Meeting Room တွင် ၁၇၀၀ နာရီမှ ၁၈၀၀ နာရီအထိ ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်၍ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး Mr.Wang Xiaohong ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ စုစုပေါင်း ၄၂ ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (Lianyungang) နှင့် တရုတ်-အာဆီယံရဲတပ်ဖွဲ့ဖိုရမ်ကဲ့သို့သော အစည်းအဝေးများတက်ရောက် နိုင်ရေး လန်ချန်း-မဲခေါင်ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာ ၅ နှစ်လုပ်ငန်းစီမံချက်(၂၀၂၃-၂၀၂၇)ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ လူမှောင်ခိုမှု၊ ဆက်သွယ်ရေးစနစ် အသုံးပြုလိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော်လောင်းကစားမှု၊ မူးယစ်ဆေးဝါးမှုနှင့် လူကုန်ကူးမှုကဲ့သို့သော နိုင်ငံဖြတ်ကျော်မှုခင်းများအား ပူးပေါင်းတိုက်ဖျက်ရေး၊ လန်ချန်း-မဲခေါင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ စီမံကိန်းကြီး များလုံခြုံရေး၊ တရုတ်နိုင်ငံသားတရားခံပြေးများ ဖမ်းဆီးရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေး၊ နယ်မြေချင်းထိစပ်နေသော တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ အကြား ဆက်သွယ်ဆက်ဆံရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ဖြစ်ပွားသော ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ သုတေသနလုပ်ငန်းများပူးတွဲဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ သတင်း အချက်အလက်ဖလှယ်ရေး၊ အမှုဖြစ်စဉ်စုံစမ်းစစ်ဆေးရေးတို့နှင့်စပ်လျဉ်း၍ တရားဥပဒေစိုးမိုးရေး ဆိုင်ရာအဖွဲ့အစည်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရန် နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးအစီအစဉ်များ ပူးတွဲရေးဆွဲရေး၊ အနာဂတ်တွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးနိုင်ရန် သက်ဆိုင်ရာပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံသက်ဆိုင်ရာ ဝန်ကြီးဌာနနှစ်ရပ်အကြား အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်ဖလှယ်၍ နိုင်ငံဖြတ်ကျော်မှုခင်းများအား တားဆီးနှိမ်နှင်းနိုင်ရန် ဆက်သွယ် ဆက်ဆံရေးစနစ်တစ်ရပ်ထားရှိရေးတို့ကို ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

အဆိုပါဝန်ကြီးအဆင့်အစည်းအဝေးအပြီးတွင် ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များအား ထိရောက်အကျိုးရှိစွာ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေး မှတ်တမ်းအား နှစ်နိုင်ငံဝန်ကြီးများက လက်မှတ်ရေးထိုးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာ-တရုတ်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတ္တမ အကြိမ် ဝန်ကြီးအဆင့် အစည်းဝေးဂုဏ်ပြုညစာစားပွဲနှင့် ဖျော်ဖြေပွဲကို ယနေ့ည ၁၉၀၀ နာရီမှ ၂၀ ၃၀ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)