MNP ၊ အောက်တိုဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ လွိုင်ကော်မြို့၊ အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်းခန်းမ၌ ယနေ့နံနက်ပိုင်းက ကယားပြည်နယ် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ကယားပြည်နယ်အတွင်းရှိ အမျိုးသမီးငယ်များကို ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ထမ်းဆောင်နိုင်သည့် အမျိုးကောင်းသမီးများ ဖြစ်လာစေရန်နှင့် မိမိတို့၏ ဘဝကိုမိမိတို့အစွမ်းအစနှင့် ရပ်တည်နိုင်ရန်ရည်ရွယ်၍ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းက သင်ကြားတတ်မြောက်ထားသည့် လက်မှုအတတ်ပညာများကို မိမိတို့ဒေသအလိုက် လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိတို့ပြည်နယ်ကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း၊ အခြေခံသင်တန်းများ ပြီးမြောက်ပါက အဆင့်မြင့်သင်တန်းများကို ဆက်လက်တက်ရောက်နိုင်ရေးနှင့် အထည်ချုပ်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိစေရေးအတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးအိမ်တွင်းမှုလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်အေးအေးသွင်က သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမည့် ဘာသာရပ်များ၊ နေထိုင်စားသောက်ရေး ကိစ္စရပ်များအတွက် ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းကာလအတွင်း သင်တန်းသူများအတွက် ထောက်ပံ့ငွေ စုစုပေါင်းကျပ် (၁၆)သိန်း(၅)သောင်းကိုပေးအပ်ခဲ့ရာ သင်တန်းသူ(၂)ဦးက လက်ခံရယူခဲ့ပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။
၎င်းနောက် အိမ်တွင်းမှုသင်တန်းကျောင်းမှ ခင်းကျင်းပြသထားသော သင်ထောက်ကူပစ္စည်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်း၏ ခေတ်မီဒီဇိုင်းလက်ရာများကိုလည်းကောင်း၊ စာတွေ့လက်တွေ့ သင်ကြားပို့ချမည့် သင်တန်းခန်းမများ၊ အိပ်ဆောင်များ၊ စာကြည့်တိုက်နှင့် စားရိပ်သာဆောင်များကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ သွားရောက်ပြီး ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအတွင်းရှိ ဌာနပိုင်စက်ယန္တရားများ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ရုံးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနနှင့်ဝန်ထမ်းများ၏ လုံခြုံရေးကိစ္စများရပ်များကို အထူးဂရုပြုကြရန်၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်းပြီးစီးအောင် ဝန်ထမ်းများစည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုဇင်
https://t.me/MyanmarNationalPost
No comments:
Post a Comment