ကိုင်ရို၊ အောက်တိုဘာ ၁၉
အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖာတာ အယ်လ်-စီစီနှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့သည် ရာဖာနယ်စပ်မှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသအတွင်းသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လွှဲပြောင်းပေးရေး သဘောတူခဲ့ကြကြောင်း အီဂျစ် သမ္မတရုံးက အောက်တိုဘာ ၁၉ ရက် ညတွင်းချင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဒေသတွင်း တည်ငြိမ် အေးချမ်းရေး ရရှိစေရန် အီဂျစ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအတွက် ကျေးဇူးတင်ကြောင်း ဘိုင်ဒန်က တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
နှစ်နိုင်ငံရှိ ဆက်စပ်တာဝန်ရှိသူများအနေဖြင့် အကူအညီများ ဘေးကင်းစွာရောက်ရှိနိုင်ရန် ကုလသမဂ္ဂ၏ ကြီးကြပ်မှုဖြင့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအဖွဲ့များနှင့်အတူ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဆွေးနွေးမှုမှာ တဲလ်အဗီးမြို့သို့ ဘိုင်ဒန် သွားရောက်ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အီဂျစ်နိုင်ငံက ပါလက်စတိုင်းပြည်သူများကို အခိုင်အမာထောက်ခံကြောင်းနှင့် ၎င်းတို့အား အီဂျစ်နိုင်ငံ၏ ဆိုင်းနိုင်းကျွန်းဆွယ်သို့ ပြောင်းရွှေ့မည့် မည်သည့်ကြိုးပမ်းမှုမျိုးကိုမဆို အခိုင်အမာ ပယ်ချကြောင်း အီဂျစ် သမ္မတ စီစီက အောက်တိုဘာ ၁၈ ရက် အစောပိုင်း၌ ပြောခဲ့သည်။
ယင်းနေ့အစောပိုင်းတွင်ပင် အစ္စရေး စစ်ပွဲကာလအစိုးရအဖွဲ့က အီဂျစ်နိုင်ငံမှ အခြေခံ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပြီး ယင်းကိစ္စမှာ “အပြုသဘောဆောင်မှု” အဖြစ် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry က ဆိုသည်။
လွန်ခဲ့သောရက်အနည်းငယ်က အီဂျစ်၊ ဂျော်ဒန်၊ ယူအေအီး၊ တူရကီနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ တန်နှင့်ချီသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများမှာ အစ္စရေး၏ ပိတ်ဆို့ထားမှုများကြောင့် ဂါဇာဒေသသို့ လွှဲပြောင်းပေးရန် ရာဖာနယ်စပ်မြို့အနီး စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသော အစ္စရေး-ဟားမက်စ် ပဋိပက္ခကြောင့် နှစ်ဖက်လုံးတွင် လူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
Ref - (Xinhua)
https://t.me/MyanmarNationalPost
No comments:
Post a Comment